လူသားချင်းစာနာထောက်ထားခြင်း

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်)

လူသားချင်းစာနာထောက်ထားခြင်း

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူမှုရေးအရငဲ့ညှာထောက်ထားပြီး နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန်ရှေးရှု၍ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ  ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ တိုင်းပြည်ကို ဦးဆောင်နေသော အစိုးရဖြစ်သည့်အားလျော်စွာ ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူ များကို ယင်းတို့ကျူးလွန်ခဲ့သည့်ပြစ်မှုများအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့ သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း လူမှုရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် အခြားရသင့်သည့် လူ့အခွင့် အရေး စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားသည်။ ပြန်လည်လွတ်မြောက်လာသော အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးတို့မှာ ပြန်လည်လွတ်မြောက်လာသည့် အချိန်တွင် ကျန်းမာပျော်ရွှင်လျက်ရှိပြီး လာရောက်ကြိုဆိုသည့် မိဘဆွေမျိုးများကလည်း ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်ကို တွေ့မြင်ရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းသူပြည်သားကောင်းကျိုးကို အလေးထားလုပ်ဆောင်ပေးလျက်ရှိသည်မှာ ထင်သာမြင်သာ ရှိသောလုပ်ဆောင်ချက်များ ဖြစ်သည်။ မည်သို့ပင်ကောင်းအောင်လုပ်ဆောင် နေသော်လည်း အဆိုးမြင်ဝါဒရှိသူ အဖျက်သမားများ၊ အဖျက်အားပေး အချို့သောနိုင်ငံများအနေဖြင့်မူ ဤကောင်းမွန်သော လုပ်ရပ်ကို ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ပေ။ အမျိုးမျိုးသော မဟုတ်မမှန်စွပ်စွဲချက်များဖြင့် လုပ်ကြံဖန်တီး နေပါလိမ့်မည်။  နိုင်ငံတော်အစိုးရအနေဖြင့် မိမိနိုင်ငံ၊  မိမိလူမျိုးကောင်းကျိုးအတွက် ဆောင်ရွက်ချက်မှန်သမျှကို ပြည်သူတစ်ရပ်လုံးက မှန်ကန်စွာတွေ့မြင်နေကြရပြီဖြစ်သည်။

ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ကို ထုတ်ပြန်ရာတွင် ၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရပြစ်မှုများမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ် ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံနေရသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏အကြောင်းကို မြန်မာနိုင်ငံသားတို့သာ အသိဆုံးဖြစ်သည်။ ပြည်ပကနေ မဟုတ်မမှန် သွေးထိုး လှုံ့ဆော်နှောင့်ယှက်နေခြင်းများမှာ မြန်မာတို့၏ ဒီမိုကရေစီလမ်းကြောင်း ပျက်ယွင်းအောင်ဖျက်ဆီး နေခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် အကျဉ်းထောင်များ၊ အချုပ်ခန်းများတွင် ပြစ်ဒဏ်ကျခံနေသူများအား လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးစံနှုန်းများနှင့် အညီထားရှိခြင်းရှိ/မရှိကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် သွားရောက်စစ်ဆေးကြည့်ရှုခြင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခြင်းများ ပြုလျက်ရှိသည်။ အဆိုပါ ပြစ်ဒဏ်ကျခံနေသူများအား လူ့အခွင့် အရေးစံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်ပြည့်စုံစွာဆောင်ရွက်ပေးထားသည့်အတွက် ယခုအခါ ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ကျန်းမာပျော်ရွှင်စွာတွေ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ မြတ်ဗုဒ္ဓ အဆုံးအမများ၊ တရားတော်များအတိုင်း လိုက်နာကျင့်ကြံနေထိုင်ကြမည်ဆိုပါက မိမိတို့၏မိသားစု ဘဝများမှာ အစဉ်အေးချမ်းနေမည်ဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရား လေးပါးတို့ဖြင့် လည်းကောင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဟူသော လောကပါလတရား သုံးပါးတို့ဖြင့်လည်းကောင်း ပြည့်စုံအောင်နေထိုင်ကြမည်ဆိုပါက လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားရေးတို့ ပြည့်စုံနေမည်သာ ဖြစ်သည်။

နိုင်ငံတော်တွင် အမျိုးသားရေး လုပ်ငန်းစဉ်(၂)ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကို ဆောင်ရွက်လျက်ရှိရာတွင် တိုင်းပြည်သာယာဝပြောရေးအတွက် တိုင်းသူပြည်သားတို့ စိတ်နှလုံးချမ်းမြေ့ ပျော်ရွှင် စေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် အလွန်ဆိုးရွားလှသော အမှုကြီးများမှ အပ လျှော့ပေါ့ပေးခြင်းဖြစ်သည့်အတွက်   မိသားစုများပျော်ရွှင် ချမ်းမြေ့နေကြပြီဖြစ်သည်။   ကြုံတောင့်ကြုံခဲသော (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့တွင် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းကို ကြိုဆိုပါကြောင်း။    ။