အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ညောင်ဦးမြို့နယ်ရှိ သဘင် အစည်းအရုံးအဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၉ 
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ညောင်ဦးမြို့နယ်ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအတွက် စားသောက်ရေးအထောက်အကူဖြစ်စေရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ ကျောက်ပန်းတောင်းတပ်နယ်မှ ဗိုလ်မှူးချုပ် ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ ညောင်ဦးမြို့နယ် သဘင်အစည်းအရုံးအတွင်းရေးမှူး ဒေါ်အေးအေးမော်နှင့် သဘင်ပညာရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ညောင်ဦးမြို့နယ် သဘင်အစည်းအရုံးအဖွဲ့ဝင် ၂၀၁ ဦးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန် ၄၈ အိတ်၊ ဆီ ၈၄ ပိဿာ၊ ဆား ၇၃ ပိဿာ၊ ပဲ ၁၂၃ ပိဿာ၊ Mask  ၂၅၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ ညောင်ဦးမြို့နယ် သဘင် အစည်းအရုံးအတွင်းရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
    
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ယနေ့လှူဒါန်းမှုအပါအဝင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့၊ မလှိုင်မြို့နယ်၊ တောင်သာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက်ပန်းတောင်း မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ညောင်ဦးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်များရှိ သဘင်အစည်းအရုံး အဖွဲ့ဝင် အင်အား ၂၇၂၉ ဦးကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။