စည်းလုံးညီညွတ်ခြင်းစွမ်းပကားများနှင့်အတူ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်)

စည်းလုံးညီညွတ်ခြင်းစွမ်းပကားများနှင့်အတူ

မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအဖွဲ့၏ ထင်ရှားသော သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့သည့် အခမ်းအနား တစ်ခုဖြစ်သည်။ အခမ်းအနားကို မြန်မာနိုင်ငံသာမက နိုင်ငံတကာကပါသိရှိအောင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ အခမ်းအနားမှာ စိန်ရတုအခမ်းအနားနှင့်လျော်ညီစွာ ကြီးကျယ်ခမ်းနားခြင်း၊ စနစ်တကျရှိခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကောင်းခြင်း၊ မိမိတို့၏ နိုင်ငံတော်အကြီးအကဲကို မိမိတို့ပြည်သူများက အလေးအနက် ထောက်ခံခြင်းများကို ထင်ရှားစွာမြင်တွေ့နိုင်သည်။

၂၀၂၃ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် အနှောင့်အယှက်အဖျက်သမားတို့ ကင်းစင်မည်မှာ အမှန်ပင်ဖြစ်သည်။ ထူးခြားသော အခြေအနေတစ်ရပ်ကို ညွှန်းဆိုရလျှင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါမှာ ၁ ရာခိုင်နှုန်းအောက် ကျဆင်းနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ ပြည်သူထောင်ပေါင်းများစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ ခြင်းမှာ လွန်စွာဂုဏ်ယူဖွယ်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် “အခက်အခဲပေါင်းများစွာကြားမှ နိုင်ငံတော်ကို ယခုကဲ့သို့သော အခြေအနေသို့ရောက်ရှိအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်း ဥက္ကဋ္ဌများကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ခမ်းနားစွာဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ခြင်းသည် နိုင်ငံအတွက် သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မည်သို့မျှ ဖျောက်ဖျက်၍ရမည် မဟုတ်ကြောင်းနှင့် ကောင်းမွန်သည့် မှတ်ကျောက်တစ်ခုတင်နိုင်ခဲ့ခြင်းအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟုခေါ်တွင်ပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည့် အတွက် ပြည်ထောင်စုဟု သတ်မှတ်သုံးနှုန်းခြင်းဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည် ဆောက်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော်ရှိသော်လည်းလူမျိုး တစ်မျိုးတည်း သီးခြားနေထိုင်သည့် ဒေသဟူ၍မရှိပေ။ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အေးအတူ ပူအမျှ အတူတကွ အေးချမ်းစွာနေထိုင်လျက်ရှိကြသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီတို့၏ အကျင့်ဆိုးဖြင့် သွေးခွဲအုပ်ချုပ်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင် ပဋိပက္ခသာမရှိခဲ့လျှင် ကမ္ဘာပေါ်တွင် နေထိုင်စရာအလွန်ကောင်းသော နိုင်ငံဖြစ်လာပေလိမ့်မည်။ ရေမြေတော တောင်သဘာဝသယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးတို့ အစဉ်တစိုက်ရှိနေခြင်းကြောင့် မိမိတို့ညီညီညွတ်ညွတ် လုပ်ကိုင် ဆောင်ရွက်နိုင်လေလေ ကြီးပွားတိုးတက်လေလေ ဖြစ်ပေမည်။ ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများအရ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစွာဖြစ်ပေါ်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ရည်မှန်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ်ကိုဆောင်ရွက်လျက်ရှိပြီး အုပ်ချုပ်ရေးပုံစံစနစ်အရ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးကို ပေါင်းစပ်ထားသည့် အုပ်ချုပ်မှုစနစ်သို့သွားနေခြင်းဖြစ်သည်။ ဤသည်မှာ ပြည်သူများ အားလုံးနှင့် နိုင်ငံသားအားလုံးက လိုလားသည့် အုပ်ချုပ်ရေးစနစ်ပင်ဖြစ်သည်။ ထို့အတူ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာ ဖူလုံရေးတို့ ချမှတ် ဆောင်ရွက် လျက်ရှိသည်။

ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ ဒီမိုကရေစီဆိုသည်မှာ အများ၏ ဆန္ဒအတိုင်း ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အနည်းစု၏ ဆန္ဒကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။ အများ၏ ဆန္ဒဆိုတိုင်း လူနည်းစု၏ဆန္ဒကိုပစ်ပယ်၍ ပြုမူဆောင်ရွက်ခဲ့မှုများကြောင့် မြန်မာနိုင်ငံတွင် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှုများပျက်ပြားခဲ့သည်ကို အတိတ်ဖြစ်ရပ်များက ဖော်ပြလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရေးအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက် ပေးလျက် ရှိသည်။ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသား အားလုံး အချိုးကျ ပါဝင်နိုင်ရေးကိုလည်း အလေးထားလုပ်ဆောင်လျက်ရှိသည်။ တိုင်းရင်းသားအားလုံးက မြန်မာဟူသော စိတ်ထားဖြင့် ညီညီညွတ်ညွတ်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ တည်ရှိနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။     ။