ဘိုကလေးမြို့နယ်၌ ဇန်နဝါရီလအတွင်း ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်းရရှိနေ

ဘိုကလေးမြို့နယ်၌ ဇန်နဝါရီလအတွင်း ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်းရရှိနေ

    ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၌ ဇန်နဝါရီလအတွင်း ငါးတန်တစ်ပိဿာလျှင်  ငွေကျပ်  ၇၅၀၀ အထိဈေးကောင်း ရရှိနေကြောင်း ဘိုကလေး မြို့နယ်   ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်း မွေးမြူရေး တာဝန်ခံ ဒေါ်ချယ်ရီ၏ ပြောကြားချက်ရ သိရသည်။

ဘိုကလေးမြို့နယ်၌ မွေးမြူရေးငါးတန်နှင့်  မြစ်ငါးတန်များ ထွက်ရှိပြီး  ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလက ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ရှိခဲ့ကာ ယခုနှစ်ဇန်နဝါရီလ တွင်  ငါးတန်တစ်ပိဿာလျှင်  ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ မွေးမြူရေး ငါးတန်နဲ့ မြစ်ငါးတန်တွေ ထွက်ရှိပါတယ်။ လက်ရှိ   ငါးတန်နှစ်မျိုးစလုံး ဈေးကောင်း ရရှိနေပါတယ်။ ဇန်နဝါရီ ၁၂ ရက်အတွင်း ငါးတန်တစ်ပိဿာကို  ငွေကျပ်  ၃၀၀၀ လောက် ဈေးတက်လာပါတယ်။   ရန်ကုန် ဈေးကွက်ကနေ ဒေသထွက်ငါးတန်တွေကို ဝယ်ယူအားကောင်းလာပြီး ဈေးကောင်း ရရှိနေတယ်။ မွေးမြူရေးလုပ်ငန်းရှင်တွေ အနေနဲ့ ငါးတန်ဈေးကောင်း ရရှိလို့ ဝမ်းသာ နေကြပါတယ်”ဟု ဒေါ်ချယ်ရီကပြောသည်။

ဘိုကလေးမြို့နယ်၌ ငါးတန်မွေးမြူရေး လုပ်ငန်းရှင်များက မွေးမြူထွက်ရှိသည့် ငါးတန်များနှင့် သဘာဝအတိုင်း ဖမ်းယူရရှိသည့် မြစ်ငါးတန်များကို ရန်ကုန်ဈေးကွက် သို့ တိုက်ရိုက်တင်ပို့ ရောင်းချနေကြောင်း၊ အဆိုပါငါးတန်များ ဈေးကောင်းလာခြင်းကြောင့် လာမည့်နွေရာသီတွင် အကောင်ရေ တိုးချဲ့မွေးမြူရန် ပြင်ဆင်နေကြောင်းနှင့် ငါးတန်ကို   မွေးမြူမည်ဆိုပါက  ငါးကန် တစ်ကန်လျှင်   အထွေထွေ ကုန်ကျစရိတ် ငွေကျပ်   ကိုးသိန်းမှ  ၁၄   သိန်းအထိ ရှိကြောင်း သိရသည်။