ပန်းပဲပညာ လက်မှုလုပ်ငန်းမှာ ခေတ်စနစ်ပြောင်းလဲသော်လည်း မတိမ်ကောဘဲ လုပ်ငန်း အဆင်ပြေလျက်ရှိ

ပန်းပဲပညာ လက်မှုလုပ်ငန်းမှာ ခေတ်စနစ်ပြောင်းလဲသော်လည်း မတိမ်ကောဘဲ လုပ်ငန်း အဆင်ပြေလျက်ရှိ

မြန်မာ့ရိုးရာ လက်မှုပညာပန်းဆယ်မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သည့်  ပန်းပဲလက်မှုပညာ လုပ်ငန်းမှာ ခေတ်စနစ်ပြောင်းလဲလာသော်လည်း မတိမ်ကောဘဲ ယခုအခါ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ရပ်တည်ရာတွင်   အဆင်ပြေလျက်ရှိကြောင်း ကလိန်အောင်မြို့ရှိ ပန်းပဲလက်မှုပညာ လုပ်ငန်း လုပ်ကိုင်သူထံမှ သိရသည်။

ပန်းပဲလက်မှုပညာ လုပ်ငန်းမှာ သံထည်များကို ပုံသွင်းကာ ထုလုပ်ရသည့်အတတ်ပညာ တစ်ခုဖြစ်ပြီး ဆယ်စုနှစ်ခန့်က သံထည်များကို ပုံဖော်ပြုလုပ်ရာတွင် မီးသွေးဖိုအား ကြိုးဖြင့်ဆွဲ၍ အသုံးပြုရသော်လည်း ယခုအခါ လျှပ်စစ်မီးနှင့်ချိတ်ဆက်ပြီး မီးသွေးကို အပူပေး၍ အသုံးပြုကြကြောင်း ပန်းပုဆရာ ဦးကျော်စွာဝင်းက ပြောသည်။

“အခုကျတော့ အရင်ကလိုမျိုး မီးသွေးဖိုကို ကြိုးနဲ့မဆွဲရတော့ဘူး။ လျှပ်စစ်မီးနဲ့ မီးသွေးကို အပူပေးလိုက်ရုံပဲ အချိန်လည်း မကုန်တော့ဘူး။ လုပ်ငန်းလည်း အမြန်ပြီးစီးတယ်။ တစ်ရက်ကို  မီးသွေးတစ်အိတ်လောက်တော့ ကုန်ကျတယ်”ဟု    ၎င်းက ဆက်လက်ပြောသည်။

ကုန်ကြမ်းပစ္စည်းဖြစ်သည့် ကားအလေးသံထည်များကို တစ်ပိဿာငွေကျပ်  ၂၅၀၀ ဖြင့်  ရေးမြို့ဘက်မှ သွားရောက်ဝယ်ယူရကြောင်း သိရသည်။

လက်ရှိတွင်  ပန်းပဲပညာလုပ်ငန်းကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ရပ်တည်လျက်ရှိပြီး   ဓားအမျိုးအစားအလိုက် ဓားအသစ်တစ်ချောင်းလျှင် ငွေကျပ် ၁၃၀၀၀၊ ၁၆၀၀၀၊ ဓားပြင်၊ ဆေးတင်ကို ငွေကျပ် ၃၀၀၀ ဖြင့် လုပ်ကိုင်ရပြီး တစ်ရက်ကို   ငွေကျပ် ၃၀၀၀၀ နီးပါးခန့်ရရှိကာ မိသားစုအတွက် အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့နှင့် အနီးရှိကျေးရွာများတွင် ဥယျာဉ်ခြံ ခုတ်ထွင်ရာ၌ မြက်ဖြတ်စက်များဖြင့် အသုံးပြုသော်လည်း တချို့အပင်များနှင့် ဝါးပင်များကို    ဓားဖြင့်ခုတ်ထွင်ရပြီး  အသုံးပြုလျက်ရှိကြောင်း သိရသည်။