အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး ဖျော်ဖြေပွဲတွင် ပါဝင်သည့် အနုပညာရှင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး ဖျော်ဖြေပွဲတွင် ပါဝင်သည့် အနုပညာရှင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

ရန်ကုန်  ဇန်နဝါရီ  ၁၅

အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီး ဖျော်ဖြေ တင်ဆက်ပွဲတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုညစာဖြင့်  တည်ခင်းဧည့်ခံသည့် အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက်ည ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီးဖျော်ဖြေပွဲတွင် ပါဝင်သည့် အနုပညာရှင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာ အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီးသည် မြန်မာ့သမိုင်းတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အလေးအနက်ထား ဂရုပြုဖွယ်၊ သင်ခန်းစာယူဖွယ်များအဖြစ် တင်ဆက်ကပြသော ဇာတ်လမ်းတစ်ပုဒ်အဖြစ်  ကြည့်ရှုခံစားရကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဇာတ်တော်ကြီး ကပြဖျော်ဖြေရာတွင် ပါဝင်ခဲ့သူများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ရာ အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီးတွင် ပါဝင်ခဲ့သူများ (ကိုယ်စား) တက္ကသိုလ်အားမာန် (နတ်သျှင်နောင်)နှင့် ဇာနည်အောင် (ရာဇဓာတုကလျာ)တို့က လက်ခံရယူကြသည်။

၎င်းနောက် အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး  ကပြဖျော်ဖြေရာတွင်  ပါဝင်ခဲ့သူများ  (ကိုယ်စား) ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ဇော်ဂျီအကဖြင့် လည်းကောင်း၊ စောင်းတီးခတ်၍ လည်းကောင်း၊  ဂီတာများဖြင့် လည်းကောင်း၊  တေးသံရှင်ယဉ်ဝေယံထွန်းနှင့်    Ruth Pan တို့က ရန်ကုန်တိုင်းဒေသကြီး   ဂုဏ်ပြုတေးသီချင်းများဖြင့် လည်းကောင်း၊   ကျောင်းသား၊ ကျောင်းသူများက သံစုံတေးဂီတဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဖျော်ဖြေတင်ဆက်ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း   သိရသည်။