တရားမဝင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၅,၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း များနှင့် အခြားဓာတုပစ္စည်း ၆၃ ဒသမ ၅၅ တန်ကျော် ဖမ်းဆီးရမိ

တရားမဝင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၅,၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း များနှင့် အခြားဓာတုပစ္စည်း ၆၃ ဒသမ ၅၅ တန်ကျော်  ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၉

ရွှေတြိဂံဒေသအတွင်းသို့ ဓာတုပစ္စည်းများ နည်းမျိုးစုံဖြင့်ဝင်ရောက်၍ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများမရှိစေရေးအတွက် မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံပူးပေါင်း၍ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု၊ တရားဝင်သယ်ဆောင်ရောင်းဝယ်ခွင့်ရယူပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာနယ်ပယ်များသို့ တရားမဝင်သယ်ဆောင်မှုတို့ ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-လွိုင်လင်သွားကားလမ်း၊ (၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တောင်ကြီးမှ လွိုင်လင်ဘက်သို့ ဇော်ဌေးအောင် မောင်းနှင်ပြီး အာကာ လိုက်ပါလာသည့် ၂၂ ဘီး တွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် အချိုရည်ကတ်များဖြင့်ဖုံးအုပ်၍ တရားမဝင် သယ်ဆောင်လာသော သံပီပါ(၈၀)လုံးဖြင့်ထည့်လျက် ဓာတုပစ္စည်း Sulfurous Dichloride  ၁၂ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊

သတင်းကွင်းဆက်အရ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် အဆိုပါ (၄)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တောင်ကြီးဘက်မှ လွိုင်လင်ဘက်သို့  မျိုးအောင် မောင်းနှင်ပြီး ပြည့်ဖြိုးအောင် လိုက်ပါလာသော ၂၂ ဘီး တွဲယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် စည်သူအောင် မောင်းနှင်ပြီး တင်အောင်ဝင်း လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်တို့ ၂ စီးပေါ်တွင် အုတ်နီခဲများဖြင့် ဖုံးအုပ်၍ တရားမဝင်သယ်ဆောင်လာသော ပလတ်စတစ်ပီပါ(၁၁၉)လုံးဖြင့်ထည့်လျက် ဓာတုပစ္စည်း Benzyl Cyanide ၁၇ ဒသမ ၈၅ တန်နှင့် Caustic Soda ၆ ဒသမ ၇၅ တန် တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိဓာတုပစ္စည်းများ တာဝန်ခံသယ်ဆောင်သူ ဇော်လင်းစိုး အား ယင်းနေ့မွန်းတည့် ၁၂ နာရီ အချိန် တောင်ကြီး-ဟိုပုံးသွားကားလမ်း၊ ဟိုပုံးမြို့အဝင်တွင် PAJERO မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်သူ မြတ်သူ အား ညနေ ၃ နာရီအချိန် အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်တွင်လည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း၊

အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်  လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မျိုးကျော် (ခ)အားမီ မောင်းနှင်ပြီး ရွှေမင်းဦး(ခ)ကောင်းထက် လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသော ဓာတုပစ္စည်း SODIUM HYDROHIDE, ANHYDROUS(NaOH) ၁၄ ဒသမ ၉၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊

သတင်းကွင်းဆက်အရ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာရှိ စစ်ဆေးရေးစခန်းအနီးတွင် သာစည်ဘက်မှ တောင်ကြီး မြို့ဘက်သို့ ချစ်တိုင်းအောင် မောင်းနှင်ပြီး ကျော်ဇင်ခက် လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် သံပီပါ(၅၀)လုံးဖြင့်ထည့်လျက် တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ် ဓာတုပစ္စည်း Toluene ၃ တန် ၊ Methylamine ၄ ဒသမ ၅ တန်တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ပူးပေါင်းအဖွဲ့သည် အင်းစိန်မြို့နယ်၊ ရွှေပြည်သာ၊ စက်မှုဇုန်(၃)၊ မင်းကြီးမဟာမင်းခေါင် လမ်းရှိ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ စိုင်းခေးလှိုင်အား တွေ့ရှိပြီး ဂိုဒေါင်အတွင်း တရားမဝင် သိုလှောင်ထားရှိသည့် သံပီပါ(၃၀)လုံးဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း Toluene ၄ ဒသမ ၅ တန် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ၆၃ ဒသမ ၅၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဉပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။