မိတ်ကောင်းဆွေကောင်းနှင့် အနာဂတ်ကောင်း

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်)

မိတ်ကောင်းဆွေကောင်းနှင့် အနာဂတ်ကောင်း

လူတစ်ဦးချင်းစီ၏ ဘဝတွင်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်မှုတွင်လည်းကောင်း မိတ်ဆွေကောင်းနှင့် ပေါင်းသင်း ဆက်ဆံရခြင်းသည် လွန်စွာကောင်းကျိုး တိုးပွားဖွယ်ဖြစ်သည်။ မိတ်ဆွေကောင်းဆိုသည်မှာ မိမိတွင်အခက်အခဲကြုံတိုင်း စိတ်စေတနာပြည့်ဝစွာ ကူညီပေးတတ်သူဖြစ်သည်။ မိမိနှင့်စိတ်တူကိုယ်တူရှိနေသူလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓ ဘာသာထွန်းကားသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ဆက်ဆံလျက်ရှိသည်။ အခြားသောနိုင်ငံတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်လာသည်နှင့် မြန်မာနိုင်ငံက စားနပ်ရိက္ခာ ဆန်စပါးထောက်ပံ့ပေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ဘဲ ကူညီမှုပြုခဲ့ခြင်းများသာရှိခဲ့သည်မှာ သမိုင်းမှတ်တမ်းများ အထင်အရှားရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူနေစဉ်ကာလအတွင်းမှာလည်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ “လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို ဆက်လက်လိုက်နာကျင့်သုံးရေး” ဦးတည်ချက်အတိုင်း လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ရင်းနှီးသောချစ်ကြည်ရေး၊ တစ်နည်းဆိုရလျှင် မိတ်ကောင်းဆွေကောင်း ဆက်ဆံရေးကိုသာ အလိုရှိသည်။ မြန်မာတို့အပေါ်တွင် အမှန်တကယ်နားလည်စာနာတတ်သော နိုင်ငံများကို ကြိုဆိုလျက်ရှိသည်။ မိတ်ကောင်း ဆွေကောင်းအဖြစ် အသိအမှတ်ပြုလျက်ရှိသည်။ အနေဝေးသော်လည်း စိတ်ချင်းနီးစပ်သော မိတ်ဆွေများ၊ အနေလည်းနီး၊ စိတ်ချင်းလည်း နီးစပ်သော မိတ်ဆွေနိုင်ငံများသည် မြန်မာတို့အတွက် မိတ်ကောင်းဆွေကောင်းများဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးနေသည့်နိုင်ငံတွင် မဲမသမာမှုဆိုးရွားစွာပြုမူပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းအောင် ပြုခဲ့ခြင်းကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာခြင်းမှာ ပကတိအမှန်တရားဖြစ်သည်။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းမှု ပြုခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ သတ်မှတ်ထားပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရ တစ်ရပ်အနေဖြင့် မိမိနိုင်ငံနှင့်ပြည်သူများအတွက် အကောင်းဆုံးအခြေအနေတစ်ခုသို့ ရောက်ရှိအောင် အစွမ်းကုန် ဆောင်ရွက်လျက်ရှိနေချိန်တွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံအချို့အနေဖြင့် မကူညီချင်နေ၊ မနှောင့်ယှက်ပါနဲ့ဆိုစကားအတိုင်း ကူညီမှုမပြုဘဲ အနှောင့်အယှက်ပြုနေသည်မှာ လွန်စွာဆိုးရွားလှသည့်လုပ်ဆောင်ချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကောင်းကျိုးကို အမှန်တကယ်လိုလား စိတ်ရှိသည်ဟုဆိုပါလျှင် NLD ပါတီအစွန်းရောက်အုပ်စုများမှ အခြေခံလာသည့် NUG၊ CRPHE နှင့် PDF တို့၏ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အကြမ်းဖက် အဖျက်လုပ်ရပ်များကို အားမပေးသင့်ပေ။

မြန်မာနိုင်ငံပျက်စီးရေး၊ မတိုးတက်ရေးကို လိုလားနေသည့် အနောက်အုပ်စုနှင့် အပေါင်းအပါနိုင်ငံများနှင့် ကုလသမဂ္ဂတို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှန်ကန်သောအမြင်ထားရှိသင့်သည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မှန်ကန်သော ဆုံးဖြတ်ချက်မျိုးကို ချမှတ်သင့်သည်။ မြန်မာနိုင်ငံရှိ ပြည်သူလူထုကောင်းကျိုးကို ရှေးရှုသင့်သည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ၂၀၂၂ ခုနှစ်ဒီဇင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တစ်ရပ်ကို မဲခွဲဆုံးဖြတ်ခဲ့သည်။

အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့် ပတ်သက်၍ မြန်မာပြည်သူတစ်ရပ်လုံးက လက်မခံပါ။ ထို့ကြောင့် နိုင်ငံအနှံ့အပြားတွင် အဆိုပါဆုံးဖြတ်ချက်အဆိုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော် လျက်ရှိကြသည်။ “ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာ နိုင်ငံကသာဖြေရှင်းရေး ဒို့အရေး၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများ အလိုမရှိ၊ အကြမ်းဖက် NUG၊ CRPH၊ PDF အလိုမရှိ၊ အပြစ်မဲ့ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်းသံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက် သတ်ဖြတ် နေမှုများအားချက်ချင်းရပ်” စသည့် ကြွေးကြော်သံများဖြင့် ပြည်သူတို့၏ ဆန္ဒကို ဖော်ထုတ်လျက်ရှိကြသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအပေါင်းက မြန်မာနိုင်ငံ၏အနာဂတ်တွင် အေးချမ်းသာယာသော လူမှုစီးပွားဘဝကို ပိုင်ဆိုင်လိုကြသည်။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးကိုလိုလားသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံပြည်သူများအနေဖြင့် မြန်မာတို့အပေါ် ကောင်းမွန်သော မိတ်ကောင်းဆွေကောင်းများကိုသာ လိုလားပါကြောင်း ရေးသားလိုက်ရပေသည်။     ။