ပြည့်အင်အားနှင့် ပြည့်စီးပွားတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်)

ပြည့်အင်အားနှင့် ပြည့်စီးပွားတိုးတက်ရေး

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် လွတ်လပ်ရေးနှင့်အတူ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုပယောဂကြောင့် ပူးတွဲပါရှိလာခဲ့သော ပြည်တွင်း သောင်းကျန်းမှုဖြစ်စဉ်များ၊ လူမျိုးစွဲ၊ ဝါဒစွဲဖြစ်စဉ်များကြောင့် နိုင်ငံသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲရှိ နေခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေစဉ်အတွင်း တိုင်းပြည်သာယာဝပြောရေးကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ သာယာခြင်း၊ ဝပြောခြင်းရှိမှသာ ပြည်သူတို့၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်သည်။

လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အမျိုးသားလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာပေါများရေးဟူသော အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်နေသည်။ စားနပ်ရိက္ခာဆိုသည်မှာ နိုင်ငံတိုင်း အတွက်၊ လူသားတိုင်းအတွက် မရှိမဖြစ်သောအရာဖြစ်သည်။ စားနပ်ရိက္ခာလိုအပ်ချက်များမှာ အစဉ်အမြဲရှိနေမည်ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့်မူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် စားသောက်ကုန်များဖြင့် ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိသည်။ စီးပွားရေးအင်အားတောင့်တင်းလျှင် တိုင်းပြည်သာယာဝပြောပြီး တည်ငြိမ်မှုလည်းရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့တွင် စီးပွားရေးကောင်းမွန်လာအောင် ကြိုးပမ်း တည်ဆောက်ပေး လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့် ရောင်းဝယ်မှုနည်းပါးခြင်းဖြစ်၍ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ   တိုးမြှင့်တင်ပို့နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။ ထုတ်ကုန်များရရှိရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)ကို အခြေခံသည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့်လူသားအရင်းအမြစ်ကောင်း စသည့်လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက  အစွမ်းကုန် ကူညီအားပေး ဆောင်ရွက်လျက်ရှိသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ၏ ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေးအားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ်သည်။ ထို့ကြောင့် MSME လုပ်ငန်းများ အောင်မြင်လာစေရန် အတွက် မြန်မာနိုင်ငံ၏ သဘာဝအခြေအနေအရ ပြည်တွင်းရှိကုန်ကြမ်းများကို ကုန်ချောအဖြစ်ပြောင်းလဲထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်းများ တိုးတက်လာအောင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် သယံဇာတပစ္စည်းများမှ ထုတ်ကုန်ပစ္စည်းများကို ထိရောက်အကျိုးရှိစွာအသုံးပြုနိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက် လျက်ရှိနေခြင်းမှာ ကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဆန်စပါးကို အလျှံပယ်ထုတ်လုပ်နိုင်စွမ်းရှိသည့်နိုင်ငံဖြစ်သည်။ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပြည်တွင်း စားသုံးမှု ဖူလုံသည့်အပြင် ပိုလျှံသည့်အတွက် ပြည်ပသို့စဉ်ဆက်မပြတ် တင်ပို့ရောင်းချလျက်ရှိသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ စဉ်ဆက်မပြတ် တင်ပို့လျက်ရှိရာ ဇန်နဝါရီ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်သုံးသောင်း တိုက်ရိုက်တင်ပို့မှုမှ နောက်ဆုံး သင်္ဘောမှာ ပုသိမ်ဆိပ်ကမ်းမှ ထွက်ခွာသော သတင်းကြားသိလိုက်ရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်နိုင်ငံ  G to G သဘောတူညီမှုအရ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့ရာတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဆန်တန်ချိန်သုံးသောင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှစတင်၍ တိုက်ရိုက်တင်ပို့နေခြင်းဖြစ်သည်။ ပုသိမ်မြို့မှဆန်တန်ချိန်သုံးသောင်းတိုက်ရိုက်တင်ပို့နိုင်ခြင်းကြောင့် ကုမ္ပဏီများ အနေဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့ရသော ကုန်ကျစရိတ်သက်သာစေခဲ့ပြီး ဒေသခံဆန်စက်လုပ်ငန်းရှင်များ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိခဲ့သည်။ ဒေသခံများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ နှစ်စဉ်ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ နှင့်ပေါင်းဆန်တန်ချိန် ၅၀၀၀၀ ကို တင်ပို့ရောင်းချမည်ဖြစ်သည်။

တိုင်းပြည်သာယာဝပြောရေးတွင် နိုင်ငံသားတို့၏ အလုပ်အကိုင်အခွင့်အလမ်း ပေါများခြင်းမှာလည်း တစ်ခုပါဝင်ပေရာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများ ရာနှုန်းပြည့်နီးပါးပြန်လည်လည်ပတ်နေသည့် သတင်းကောင်းတစ်ရပ်ကို ကြားသိ ရသည်။ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှစတင်ကာ ကမ္ဘာတစ်ဝန်းမှ အထည်လုပ်ငန်းများနည်းတူ အော်ဒါရရှိမှုနှင့် ကုန်ကြမ်း ရရှိမှု နည်းပါးခဲ့ခြင်းကြောင့် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ ရပ်နားခဲ့သည်။ ယခုအခါ အထည်ချုပ်စက်ရုံများ ရာနှုန်းပြည့်နီးပါး ပြန်လည် လည်ပတ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ပွင့်လန်းလာပြီဖြစ်သည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း နိုင်ငံသားတစ်ဦးချင်းက မိမိနိုင်ငံစီးပွားရေး တိုးတက်ကောင်းမွန်မှ မိမိတို့၏ လူမှုစီးပွားဘ၀ သာယာဝပြောမည်ဟူသော အသိဖြင့် ကျရာနေရာကနေ ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။