မြန်မာ-တရုတ်ချစ်ကြည်ရေး ပိုမိုခိုင်မြဲပါစေကြောင်း

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်)

မြန်မာ-တရုတ်ချစ်ကြည်ရေး ပိုမိုခိုင်မြဲပါစေကြောင်း

ကမ္ဘာတွင်အသုံးများနေသည့် ပြက္ခဒိန်အရ နှစ်သစ်ကူးနေ့ကို ဇန်နဝါရီလ ၁ ရက်နေ့အဖြစ် ယေဘုယျ မှတ်ယူထားကြသည်။ ကမ္ဘာပေါ်တွင်နေထိုင်ကြသည့် လူမျိုးစုများသည် ၎င်းတို့၏ကိုယ်ပိုင်ပြက္ခဒိန်နှင့် ကိုယ်ပိုင်နှစ်သစ်ကူးနေ့များ ရှိကြသည်။ နှစ်ဟောင်း လွန်မြောက်သည့်နှစ်သစ်ကို  လူမျိုးတိုင်းကပျော်ရွှင်စွာ ကြိုဆိုကြသည်။ နှစ်သစ်ကူးနေ့သည် လူမျိုးစုများအတွက် ပျော်ရွှင်ဖွယ် ကောင်းသည့်နေ့တစ်နေ့ဖြစ်သည်။ နှစ်ဟောင်းကကြုံတွေ့ခဲ့ရသည့် အကောင်းအဆိုး၊ အကြောင်းအကျိုးများကို သေချာစွာ စိစစ်လေ့လာ ပိုင်းခြား ပြီး နှစ်သစ်တွင်ပိုမိုကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ကြရမည်သာဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့သည် တရုတ်နှစ်သစ်ကူးနေ့ဖြစ်သည်။ တရုတ်ရိုးရာယုန်နှစ်ဖြစ်ပြီး တရုတ်ရာသီခွင်အရ လေးခု မြောက်နှစ်ဖြစ်သည်။ အဓိပ္ပာယ်မှာ ချစ်ခင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်းတို့ဖြစ်သည်။ နှစ်သစ်ကြိုအိမ်သန့်ရှင်းခြင်း၊ အိမ်တံခါးများတွင် မင်္ဂလာစာလုံးများကပ်ခြင်း၊ မည်မျှပင်အဝေးသို့ ရောက်ရှိနေပါစေ မိသားစုများ ပြန်လည်ဆုံစည်းကြခြင်း၊ နှစ်သစ်ကူး ထမင်းဝိုင်းကို မိသားစုနှင့် ဝိုင်းဖွဲ့စားသောက်ခြင်း၊ နှစ်သစ်ကူး၏ ပထမဆုံးခေါင်းလောင်းသံကို စောင့်ခြင်း၊ ဆွေမျိုးများကို နှုတ်ဆက်ခြင်း စသည့် ချစ်စဖွယ်ရိုးရာဓလေ့များကို ဆောင်ရွက်ကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr.Chen Hai နှင့်အဖွဲ့က နွေးထွေးစွာကြိုဆိုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်း စကား ပြောကြားရာတွင် “မြန်မာနိုင်ငံသည်တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်  တရုတ်လူမျိုးများ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိသည့် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သကဲ့သို့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံ တစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မင်္ဂလာရှိသည့် တရုတ်နှစ်သစ်ကူးနေ့တွင် ယုန်နှစ်ဖြစ်သည့်အလျောက် မိမိတို့အားလုံး ပိုမို၍ချစ်ခင်ကြပါစေ၊ ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုပိုမိုရရှိကြပါစေ၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ ကမ္ဘာအနှံ့မှီတင်းနေထိုင်ကြသည့် တရုတ်နွယ်ဖွားများ အားလုံးနှစ်သစ်ကူးပွဲတော်၌ ပျော်ရွှင်ပါစေ၊ မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေ၊ စီးပွားလာဘ်လာဘများ တိုးပွားပါစေ၊ အစစအရာရာ အဆင်ပြေချောမွေ့ပြီး ကံကောင်းခြင်းများပွင့်လန်းပါစေ၊ ကျန်းမာဘေးကင်းပါစေ၊ လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း” ဖြင့် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးကလည်း “တရုတ်နှစ်သစ်ကူးပွဲတော်သို့ ယခုကဲ့သို့ နိုင်ငံ့အကြီးအကဲ ကိုယ်တိုင်တက်ရောက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး တက်ရောက်ချီးမြှင့်ပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နှစ်သစ်တွင်တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဆွေမျိုးပေါက်ဖော်သံယောဇဉ်ကို ဆက်လက်လက်ဆင့်ကမ်းပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက် အဝန်းတည်ဆောက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရလဒ်များဖြင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကိုပိုမိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ယခု ထက်ပိုမိုတိုးတက်ခိုင်မြဲပြီး အဓွန့်ရှည်တည်တံ့ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင် ရွှေလမ်းငွေလမ်းခင်းကာ နှစ်ပြည်ထောင် ချစ်ကြည်ရေးကို တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ အေဒီ ၈၀၂ ခုနှစ်ခန့်က တရုတ်ပြည် ထန်မင်းဆက် ဘုရင်လက်ထက်၌ မြန်မာနိုင်ငံမှ ပျူသံတမန်အဖွဲ့သည် တရုတ်ပြည်သို့သွားရောက်၍ အနုသုခုမပညာများဖြင့် ဖျော်ဖြေခဲ့သည့်မှတ်တမ်းများရှိသည်။ ထို့ပြင် မြန်မာသက္ကရာဇ် ၆၄၀ ပြည့်နှစ် ပုဂံမင်း နရသီဟပတေ့ လက်ထက်တွင်လည်း ဆရာတော်ရှင်ဒိသာပါမောက္ခသည် ငြိမ်းချမ်းရေး သံတမန်အဖြစ် တရုတ်ပြည်သို့ ကြွရောက်ခဲ့ဖူးသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလတွင်လည်း တရုတ်နိုင်ငံနှင့် မြန်မာတို့၏ ချစ်ကြည်ရင်းနှီးမှုမှာခိုင်မြဲ လျက်ရှိသည်။ မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုသည့် ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကိုလည်း ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင် စတင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ် တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်တစိုက် ထောက်ခံလျက်ရှိပေရာ နှစ်သစ်မှစ၍မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။