အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘော်လီဘောပြိုင်ပွဲများ ကျင်းပ

အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘော်လီဘောပြိုင်ပွဲများ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂၃

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပလျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ  ကျောင်းသား အားကစားပွဲတော်၌ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ခန့်တည်ကြည် ကုမ္ပဏီနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ မဏိကမ္ဘာကုမ္ပဏီတို့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်   လျှာထိုးကြမ်းခင်း အသစ်ပြန်လည် ခင်းကျင်းနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင်   ရေရှည် တည်တံ့ခိုင်မြဲစေရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရန်နှင့် အချိန်မီပြီးစီးရေး    စေတနာထား ဆောင်ရွက်ပေးရန် ကုမ္ပဏီမှ တာဝန်ရှိသူများကိုမှာကြားပြီး အားကစားရုံအတွင်း နံရံပတ်လည်တွင် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်  အားကစားသမားများ၏ ပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုနှင့် အောင်မြင်မှု ဆုတံဆိပ်ရရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ချိတ်ဆွဲထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်နှင့် အားကစားရုံ အရှေ့မျက်နှာစာတွင် သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည် မှုရှိစေရေးတို့အတွက် ဘဲစာမြက်ခင်းများ၊ ပန်းပင်များနှင့် ပျိုးပင်များစိုက်ပျိုးသွားရန် အားကစားကွင်း၊   အားကစားရုံဌာနခွဲမှ တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းရှိ စားရိပ်သာကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အစားအသောက်များကို သန့်သန့် ရှင်းရှင်းဖြင့် အရသာရှိအောင် စေတနာထား ချက်ပြုတ်ကျွေးမွေးရန် လိုကြောင်း၊ အားကစားနည်းအလိုက် အားကစားသမားများ အတွက်   တစ်နေ့တာလိုအပ်သည့် ကယ်လိုရီပမာဏနှင့် အာဟာရညီညွတ် မျှတအောင် စနစ်တကျ ကျွေးမွေးနိုင်ရန် အားကစားဆေးဘက် ဌာနခွဲမှ ကျွမ်းကျင်သူများနှင့် တိုင်ပင်ညှိနှိုင်းပြီး   စနစ်တကျ တွက်ချက်၍ဆောင်ရွက်သွားရန် စားရိပ်သာ တာဝန်ခံကို မှာကြားခဲ့ကြောင်း  သိရသည်။