သာယာလှပသည့် ငပလီကမ်းခြေပိုမိုဖွံ့ဖြိုးတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်)

သာယာလှပသည့် ငပလီကမ်းခြေပိုမိုဖွံ့ဖြိုးတိုးတက်ရေး

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစား သွားမည်ဆိုသည့် ရှေ့လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံတွင်းရှိစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်လျက်ရှိသည်။ အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းများအပြင် ပြည်တွင်းခရီးသွားလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်လမ်းညွှန်မှု ပြုလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များအား သံတွဲမြို့ရှိ Pristine Mermaid Resort ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။ ခရီးသွားလုပ်ငန်းသည်ဒေသရှိ သဘာဝသယံဇာတအရင်းအနှီးများကို အကျိုးရှိစွာအသုံးချ၍ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာတွင် “ငပလီကမ်းခြေသည် သာယာလှပသည့်ကမ်းခြေတစ်ခုဖြစ်ကာ ပြည်ပခရီးသွားဧည့်သည်များကပင် ချီးကျူး နှစ်သက်ရသည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့၏ ရှိပြီးသားဖြစ်သည့် အားသာချက်များကိုအသုံးချပြီး ခရီးသွား ဧည့်သည်တို့၏ သဘောသဘာဝကို သိရှိအောင်ဆောင်ရွက်ကာ ဒေသတွင်းသို့ခရီးသွားများ ပိုမိုဝင်ရောက်စေရေးလုပ်ဆောင်ကြရန်” ထည့်သွင်းပြောကြားခဲ့သည်။

ငပလီကမ်းခြေမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့ပြီး တေးသီချင်းများ၊ ရုပ်ရှင်ရိုက်ကွင်းများအများဆုံး အသုံးပြုရာ နေရာလည်း ဖြစ်ခဲ့သည်။ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာ အနားယူရာနေရာတစ်ခုလည်း ဖြစ်သည်။ ခရီးသွားလုပ်ငန်းတွင် ခရီးသွားသူများနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များ အချင်းချင်းနှစ်ဦးနှစ်ဖက်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လှ သည်။ သယ်ယူပို့ဆောင်ရေး၊ ချက်ပြုတ်ကျွေးမွေးရေးနှင့် တစ်ဦးချင်းဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ၊ အသုံးအဆောင် ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများမှာလည်း ခရီးသွားလုပ်ငန်းတွင် ပါဝင်သည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းရှင်နှင့်လုပ်သားများ၏ စီးပွားရေး၊ ဒေသဖွံ့ဖြိုး ရေးနှင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။

လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက် အခြေခံအားဖြင့် လူသားအရင်းအမြစ်များ၊ အရင်းအနှီးများ၊ ကုန်ကြမ်းနှင့် နည်းပညာများ လိုအပ်မည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းမှာ ဒေသရှိသဘာဝသယံဇာတ အရင်းအနှီးများကို အကျိုးရှိစွာ အသုံးချဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရန်မှာ အရည်အချင်းရှိပြီး ကျွမ်းကျင်သည့် ဝန်ထမ်းများလိုအပ်ပေရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကိုမဖြစ်မနေ အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုခဲ့သည်။

ခရီးသွားလုပ်ငန်းမှာ တည်းခိုရေးတစ်ခုတည်းသာမကဘဲ များစွာကျယ်ပြန့်သည့်လုပ်ငန်း ဖြစ်သည်။ ခရီးသွားများအတွက် ဒေသထွက် သားငါးနှင့် သီးနှံများ၏ သန့်ရှင်းလတ်ဆတ်မှု၊ အနံ့အရသာပြည့်စုံမှုတို့ဖြင့် ဝန်ဆောင်မှုစိတ်တိုင်းကျ ဖြစ်စေရပေမည်။ ဟိုတယ် လုပ်ငန်းဝန်ဆောင်မှုများတွင် အသုံးပြုသည့် အသားငါးနှင့်သစ်သီးဝလံများကို ဒေသခံများအား အောင်မြင်အောင် မွေးမြူ၊ စိုက်ပျိုး စေခြင်းဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝကိုလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်သည်။ မိမိတို့ထံလာရောက်သည့် ဧည့်သည်များ ကိုလည်း သန့်ရှင်းပြီး လတ်ဆတ်သည့် အစားအစာများဖြင့် ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်ကို အထောက်အကူပြုမည် ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် မူဝါဒအတိုင်းလိုက်ပါ လုပ်ဆောင်ကြရမည့်အပြင် လိုအပ်သည့် အခက်အခဲများကို နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ငပလီကမ်းခြေဒေသသည် ကမ္ဘာကျော်ဒေသတစ်ခုဖြစ်ပေရာ သံတွဲလေဆိပ် အားအပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်မည်ဆိုပါက  ခရီးသွားလုပ်ငန်းအတွက် ပိုမိုအထောက်အကူပြုနိုင်သဖြင့် လေဆိပ်အား အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ငပလီဒေသအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း သူဌေးရေအား လျှပ်စစ်စီမံကိန်းကိုလည်း ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ပေရာ  သာယာလှပသည့် ငပလီဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။