ပြည်ပဝယ်လိုအားများကြောင့် ယခုတစ်ပတ်အတွင်း နှမ်းဈေးနှုန်း မြင့်တက်လာ
ယခုလအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်လိုက်သည့်အပြင် ပြည်ပဝယ်လိုအားများကြောင့် ယခုတစ်ပတ်အတွင်း နှမ်းဈေးနှုန်း မြင့်တက်လာကာ အရောင်းသွက်နေကြောင်း မန္တလေးပဲနှမ်းဈေးကွက် အတွင်းမှ သိရသည်။
ထိုသို့ဈေးနှုန်းမြင့်တက်ရာတွင် တစ်ပတ်တာ ကာလအတွင်း နှမ်းတစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ မှ ၂၀၀၀၀ အထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
“နှမ်းဈေးကွက်က လက်ကျန်နည်းနေတော့ ဝယ်လိုအားများပြီး ပြီးခဲ့တဲ့လကတည်းက တဖြည်းဖြည်း ဈေးတက်နေတာပါ။ လက်ရှိမှာ ပြည်ပကို ပင်လယ်ရေကြောင်းကလည်း တင်ပို့တယ်။ နယ်စပ်ကလည်း တင်ပို့တယ်။ ပြည်တွင်းလှောင်လက်တွေကလည်း ဝယ်နေတဲ့အတွက် ဝယ်လိုအားများပြီး ဈေးတက်လာတာပါ။ တရုတ်နှစ်သစ်ကူးပြီးရင် ပိုသွက်လာနိုင်တယ်”ဟု မန္တလေးမြို့မှ ပဲနှမ်းကုန်သည် ဦးကြည်ဝင်း ကပြောသည်။
လတ်တလောတွင် နှမ်းဖြူတစ်တန်လျှင် ငွေကျပ် သိန်း ၄၀ ကျော်၊ နှမ်းညိုတစ်တန်လျှင် ငွေကျပ် ၃၅ သိန်းခန့်နှင့် နှမ်းနက်(စမုန်)တစ်တန်လျှင် ငွေကျပ် ၄၂ သိန်းကျော်အထိ ဈေးနှုန်းအသီးသီး ရှိနေကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နှင့်ဂျပန်နိုင်ငံတို့သို့ တင်ပို့ရန် ဝယ်ယူနေခြင်းဖြစ်ကြောင်း၊ မန္တလေးဈေးကွက်သို့ နှမ်းဝင်ရောက်မှု နည်းပါးနေကြောင်း သိရသည်။
ဇန်နဝါရီ ၂၃ ရက်တွင် မန္တလေးဈေးကွက်၌ နှမ်းဖြူ ၄၅ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ မှ ၂၉၅၀၀၀၊ နှမ်းညို ၄၅ ပိဿာဝင်တစ်အိတ်လျှင် ငွေကျပ်၂၃၅၀၀၀ မှ ၂၄၀၀၀၀၊ ဆောင်းနှမ်း ၄၅ ပိဿာဝင်တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ မှ ၂၄၅၀၀၀၊ နှမ်းနက် ၄၅ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ မှ ၂၄၅၀၀၀၊ နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀ မှ ၃၀၈၀၀၀ အထိ ဈေးနှုန်း အသီးသီး ရှိကြောင်း သိရသည်။