အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းများ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်)

အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းများ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော ဦးတည်ချက်မှာ နိုင်ငံသားတိုင်း စဉ်ဆက်မပြတ် ဖြည့်ဆည်း နေရမည့်အရာဖြစ်သည်။ မျိုးဆက်သစ်အဆက်ဆက်တို့ ကျန်းမာရေးကောင်းနေမည်၊ ပညာတတ်များ ပေါများနေမည်ဆိုလျှင် နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးတွင် နိုင်ငံတော်အတွက် အားထားရသည့် အားကစားသမားကောင်းများ ပေါ်ထွန်းရေးလည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် အားကစားသမားကောင်းများ ပေါ်ထွက်ရေးအတွက် အဓိက အားထားရမည့်နေရာမှာ စာသင်ကျောင်းများ ဖြစ်သည်။ စာသင်ကျောင်းများသည် နိုင်ငံ့ဂုဏ်ဆောင် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်  အားကစားသမားကောင်းများ  မွေးဖွားပေးနိုင်သည့် မူလအစနေရာဖြစ်သည်။

ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တစ်ဖက်က ပညာကိုတတ်မြောက်အောင် သင်ကြားရင်း အခြားတစ်ဖက်မှာလည်း အားကစားတွင် ထူးချွန်အောင် ကြိုးစားရမည်ဖြစ်သည်။ အခြေခံကျောင်းများတွင် ကာယနည်းပြများ၏ အခန်းကဏ္ဍမှာလည်း လွန်စွာအရေးပါလှသည်။ သူတို့၏စေတနာ၊ မေတ္တာနှင့်နိုင်ငံချစ်စိတ်ကြီးမားလျှင် ကြီးမားသလို ကလေးများ တိုးတက်လာမည် ဖြစ်သည်။ ရုပ်မြင်သံကြားတွေ့ဆုံခန်းတစ်ခုတွင် မြန်မာ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးဖြစ်သော (ဒေါ်)ဂျနီဖာတင်လေးက “ကာယဆရာတွေအိပ်မနေပါနဲ့” ဟူသော စေတနာစကား ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အားကစားအောင်မြင်တိုးတက်ရေးအတွက် ဖြည့်ဆည်းပေးသင့်သည်များ၊ ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို အကောင်းဆုံး ဖြည့်ဆည်းပေးထားပြီးဖြစ်ပေရာ လူငယ်တို့အနေဖြင့် မိမိဘဝတိုးတက်မြင့်မားရေး၊ မိမိနိုင်ငံဂုဏ်မြင့်မားရေးအတွက် ကြိုးစားကြရန် လိုပေသည်။ ထိုသို့ကြိုးစားကြရာတွင် နည်းပြများ၏ အခန်းကဏ္ဍမှာလည်း လွန်စွာအရေးပါလှပေရာ ကာယ ဆရာတွေ အိပ်မနေပါနဲ့ဟူသော စေတနာစကားအတိုင်းဆရာများ အပိုင်းကလည်း စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် မျှဝေပေးကြရန် ဖြစ်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို  ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံ၌ ကျင်းပခဲ့သည်။ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး (အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး)နှင့် ပိုက်ကျော်ခြင်း (အမျိုးသား) အားကစားနည်းများကို ထည့်သွင်းကျင်းပပြီး ဇန်နဝါရီ ၁၈ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားရုံများတွင် အားကစားနည်းများအလိုက် စုစုပေါင်း ၁၆၈၀ ဦး ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိကြသည်။

အားကစားယှဉ်ပြိုင်ခြင်းဆိုသည်မှာ အနိုင်အရှုံးတစ်ခုတည်းကိုသာ ယှဉ်ပြိုင်ခြင်းမျိုးမဟုတ်ဘဲ ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းဥပဒေကို ရိုသေလေးစားလိုက်နာမှု၊ ယဉ်ကျေးမှု စသည်တို့ကို ပါယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ကျောင်းသား အားကစားပွဲတော်မှသည် နိုင်ငံ့လက်ရွေးစင်အဆင့်သို့ တက်လှမ်းနိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ပွဲတော်ကျင်းပရခြင်း၏ အနှစ်သာရမှာလည်း နိုင်ငံအတွက်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွက်လာရေးဖြစ်သည်။

နိုင်ငံကိုယ်စားပြု နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော်၏ စည်းလုံးညီညွတ်မှု၊ ဂုဏ်သိက္ခာနှင့် မျိုးချစ်စိတ်တို့ကို ဖော်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ မြန်မာကျောင်းသား၊ ကျောင်းသူများ၏ အားကစားမြင့်မားရေးအတွက် သက်ဆိုင်ရာ နည်းပြဆရာများက ကြိုးစားသင်ကြားပြသသည်ကိုကျောင်းသား၊ ကျောင်းသူများကလည်း တစ်သဝေမတိမ်း လိုက်ပါ လုပ်ဆောင်လေ့ကျင့်ကြရမည်ဖြစ်သည်။ အားကစားတွင်ထူးချွန်စွာ ကျွမ်းကျင်တတ်မြောက်မည်ဆိုပါက မိမိတို့၏ ဘဝတစ်သက်တာ အသက်မွေးဝမ်းကျောင်းလည်း ဖြစ်သည်။ နိုင်ငံ့ဂုဏ်သိက္ခာလည်း မြင့်မားပေမည်။

အခြေခံပညာ ကျောင်းသားအားကစားပွဲတော်မှ ထူးချွန်စွာပေါ်ထွက်လာမည့် အားကစားသမားများကို နိုင်ငံ့ကိုယ်စားပြုအဖြစ် အာဆီယံ ကျောင်းသားအားကစားပွဲတွင် ယှဉ်ပြိုင်ရန်ရွေးချယ်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင်ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့်(၁၂)ကြိမ် မြောက် အာဆီယံကျောင်းသား အားကစားပွဲတော်ကို ယခုနှစ်တွင် ပညာရေးဝန်ကြီးဌာနက ပထမဆုံးအနေဖြင့် တာဝန်ယူပြီး  ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးကြိုးစားကြရန် လိုအပ်ပေသည်။

လူငယ်ဆိုသည်မှာ ပင်ကိုဗီဇက ကြိုးစားမှုရှိသူများသာ ဖြစ်သည်။ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် တစိုက်မတ်မတ် ကြိုးစားမည်ဆိုပါက မည်သည့်အရာကိုမဆို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်သာဖြစ်သည်။ လူငယ်တို့၏ဘဝတွင် အရေးအကြီးဆုံးအချက်မှာ အတွေး အခေါ်လွဲမှားမှုမရှိစေရေးသာ ဖြစ်သည်။ အတွေးအခေါ်အယူအဆ လွဲမှားသွားခြင်းမှာ လူငယ်တို့၏ အနာဂတ်ကို ဖျက်ဆီး လိုက်ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မိမိဘဝတိုးတက်မြင့်မားရေး၊ မိမိနိုင်ငံ ဂုဏ်သိက္ခာမြင့်မားရေးအတွက် မိမိတို့ ဝါသနာပါ တတ်ကျွမ်းသည့် အားကစားနည်းဖြင့် အအောင်မြင်ဆုံးဖြစ်အောင် ကြိုးစားမည်ဟူသော စိတ်ကိုမွေး၍ အနာဂတ်အတွက်  မျှော်လင့်ချက် ကောင်းများ ဖန်တီးပေးကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။