စက်မှုစွမ်းအား ပြည်ထွန်းကား

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်)

စက်မှုစွမ်းအား ပြည်ထွန်းကား

စက်မှုစွမ်းအားပြည်ထွန်းကားဆိုသည့်အတိုင်း စက်မှုထွန်းကားရေးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေး အတွက်ဗဟိုချက်မဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်ရေး ဆောင်ရွက်လျက် ရှိရာတွင် စက်မှုကဏ္ဍသည်လည်း အရေးပါသည့်အခန်းကဏ္ဍမှပါဝင်သည်။ စက်မှုထွန်းကားရေးအတွက် မြန်မာနိုင်ငံတွင် သဘာဝ သယံဇာတ ကုန်ကြမ်းများရှိထားပြီးဖြစ်ပေရာ လူသားတို့စွမ်းအားဖြင့် စက်ရုံများ တည်ဆောက်လည်ပတ်နိုင်ရန်သာ လိုပေသည်။

မြန်မာနိုင်ငံတွင် သံမဏိစက်ရုံများတည်ဆောက်ထားရာ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သည် တစ်ခုအပါအဝင်ဖြစ်သည်။ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပညာရှင်များအကူအညီဖြင့် ကွန်ပျူတာ ထိန်းချုပ်စနစ်မပါဝင်ဘဲ ၇၂ နာရီကြာ စမ်းသပ်လည်ပတ်ခဲ့သည်။ စမ်းသပ်လည်ပတ်မှုများ အောင်မြင်နေစဉ်အတွင်းမှာပင် အဆိုပါစီမံကိန်းလုပ်ငန်းနှစ်ခုအား ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်မှ စီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားခဲ့သဖြင့် စီမံကိန်း လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။

စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်တွင် နိုင်ငံ့ကောင်းကျိုးကို ဦးစားပေးလုပ်ဆောင်ရန်သင့်သော်လည်း အချက်အလက် အခြေအနေမှန်ကို စဉ်းစားသုံးသပ်ခြင်းမရှိဘဲ ရပ်ဆိုင်းထားခဲ့ရသည့်အတွက် နစ်နာသည်မှာ နိုင်ငံတော်၏ ဘဏ္ဍာငွေများသာ ဖြစ်သည်။ စက်ရုံအား လေးနှစ်ကျော်ရပ်နားထား ခဲ့ရသည့်အတွက် အဆိုပါစက်ရုံမှရရှိမည့်အကျိုးအမြတ်များဆုံးရှုံးခဲ့ရသလို စက်ပစ္စည်းများမှာလည်း လှုပ်ရှားမှုမရှိဘဲ ရပ်တန့်ထားသည့်အတွက် ပျက်စီးချွတ်ယွင်းမှုများရှိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တာဝန်ယူနေရစဉ်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးအတွက် လုပ်ဆောင်သင့်သည်များကို အချိန်မဆိုင်းလုပ်ဆောင် ပေးလျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ကာ လုပ်ဆောင်ခြင်း၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ ဆောင်ရွက်ခြင်းတို့ဖြင့် နေ့မအားညမနား လုပ်ဆောင်ပေးလျက်ရှိသည်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲက သံမဏိစက်ရုံများပြန်လည်လည်ပတ်ရေးအတွက် “သံမဏိထုတ်လုပ်မှုလုပ်ငန်းသည်  မိမိတို့နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ပင်ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့်  မြန်မြန်ဆန်ဆန်ပြီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်တွင် အိမ်ဆောက်လုပ်ရေး၊ သံမဏိ ပစ္စည်းများမှာ များစွာလိုအပ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်သာမဟုတ်ဘဲ  ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများနှင့်အညီခွင့်ပြု၍ ပြည်တွင်းသံမဏိ ထုတ်လုပ်မှုလုပ်ငန်းကို အားပေးမြှင့်တင် ပေးရန်လိုကြောင်း” လမ်းညွှန်မှာကြား ခဲ့သည်။

နိုင်ငံတော်အတွက်လိုအပ်သည့် သံနှင့်သံမဏိထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးထားပြီးဖြစ်ပေရာ ယခုအခါ သံမဏိစက်ရုံ(ပင်းပက်)မှာ မကြာမီအချိန်ကာလတွင် ပြန်လည်လည်ပတ် နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ စက်နှင့်စက်ပစ္စည်း ကိရိယာများစစ်ဆေးပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေသည့် သံရည်ကျိုလုပ်ငန်းတွင် အသုံးပြုမည့် စက်မှုလုပ်ငန်းသုံးရေစစ်ကန်၊ အဝင်ဓာတ်အားလိုင်း လက်ခံဖြန့်ဖြူးခွဲရုံတည်ဆောက်ပြီးစီးမှု၊ ကျောက်မီးသွေး ကြိတ်ခွဲပြုပြင်ရေးအလုပ်ရုံ၊ သံသတ္တုရိုင်းအခြောက်ခံအလုပ်ရုံ၊  သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊  အလို အလျောက် မီးငြှိမ်းသတ်ရေးအလုပ်ရုံ၊ အမှတ်(၂)ပန့်အလုပ်ရုံတို့ကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် ဇန်နဝါရီ ၂၁ ရက်က စစ်ဆေးကြည့်ရှုခဲ့သည်။ ၂၀၁၆ ခုနှစ် စက်ရုံစမ်းသပ်လည်ပတ်စဉ်က စက်များ၏ကြံ့ခိုင်ရေးကိုသာ ဦးစားပေးစမ်းသပ်နိုင်ခဲ့ပြီး အလိုအလျောက် ထိန်းချုပ်လည်ပတ်မှု ဆက်လက် ဆောင်ရွက်စဉ် စက်ရုံရပ်ဆိုင်းခဲ့သည့်အတွက်  အလုပ်ရုံများ အချင်းချင်း ချိတ်ဆက်မှုများ အပြည့်အ၀ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ယခုအခါ မြန်မာပညာရှင်များ၏ စွမ်းဆောင်ချက်ဖြင့် ကွန်ပျူတာထိန်းချုပ်မှုများ၊ စက်ပြင်ဆင်မွမ်းမံမှုများ၊ ချိတ်ဆက် ဆောင်ရွက်မှုများကို ကြိုးစားဆောင်ရွက်ခဲ့သည်။ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၏ အဓိကထုတ်ကုန်ဖြစ်သည့်  သံစိမ်းထုတ်လုပ် ရန် သဘာဝသယံဇာတကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး အလုပ်ရုံခွဲ ၁၉ ရုံအား ဝန်မပါစမ်းသပ် လည်ပတ်ခဲ့သည်။ ကျန်ရှိသည့်အလုပ်ရုံခွဲသုံးရုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှပညာရှင်များ၊ မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးပြုပြင်စမ်းသပ်လည်ပတ်ခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော်  စက်မှုစွမ်းအား ပြည်ထွန်းကားဆိုသည့်အတိုင်း သံမဏိစက်ရုံများ၏ စွမ်းအားဖြင့် တိုင်းပြည်တိုးတက်ထွန်းကားတော့မည်ဖြစ်ပါ ကြောင်းရေးသားလိုက်ရပေသည်။   ။