ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်)

ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား

ဗုဒ္ဓဘာသာသည် လွန်စွာယဉ်ကျေးသိမ်မွေ့သော ဘာသာတရားဖြစ်သည်။ ထိုဘာသာတရားကို ပိုင်ဆိုင်ခွင့်ရသော မြန်မာလူမျိုးတို့မှာ လွန်စွာကုသိုလ်ကံကောင်းသူများ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အိမ်တိုင်းတွင် မြတ်စွာဘုရားကို ကိုယ်စားပြုသည့် ရုပ်ပွားတော်တစ်ဆူစီ အနည်းဆုံးရှိကြသည်။ မြတ်စွာဘုရား၏ ကိုယ်စားရုပ်ပွားဘုရား၊ ပုထိုး၊ စေတီကိုကိုးကွယ်မှုပြုရန် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းက ခွင့်ပြုခဲ့ခြင်းဖြစ်ပေရာ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ ဆင်းတုရုပ်ပွားတော် ကိုးကွယ်မှုမှာ ရှေးနှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်လာခြင်း ဖြစ်သည်။

“ဗုဒ္ဓဂုဏောအနန္တောဟု ကျော်စောထင်ရှားသုံးပါးရပ်သူ နတ်လူဗြဟ္မာ သတ္တဝါကို ခေမာသာခေါင် နိဗ္ဗာန်သောင်သို့ ရွှေဖောင်မဂ္ဂင် သင်္ဘောယာဉ်ဖြင့် ကယ်တင်ဆောင်ယူပို့တော်မူသည် နတ်လူတို့ထိပ်ပန်း ရဟန်းတို့ဆရာ အစိန္တေယျာဟု အနန္တဂုဏ်အင် ကျေးဇူးရှင်ကို အဟံ-တပည့်တော်သည် ဝန္ဒာမိ ရိုသေညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏” ဟူ၍ ဗုဒ္ဓမြတ်စွာကို နေ့စဉ်ရှိခိုး ကန်တော့သည်မှာ မြတ်စွာဘုရား၏ ကျေးဇူးတော်အပုံ ဂုဏ်တော်အနန္တကို ပူဇော်ခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် အမျိုးအားဖြင့်မြင့်မြတ်သည်။ ဘုန်းတော်အားဖြင့် မြင့်မြတ်သည်။ ဂုဏ်အားဖြင့်မြင့်မြတ်သည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်းကျင့်ကြံတော်မူခဲ့သော ပါရမီများကြောင့် လောကတွင် အတုမရှိသော ဗုဒ္ဓမြတ်စွာအဖြစ် ပွင့်တော်မူ လာခြင်းဖြစ်သည်။ လူ့ဘုံနတ်ဌာန် ပြိုင်စံယှဉ်ဖော် မပေါ်မပြူ တစ်ဆူတည်းသော အပ္ပဋိပုဂ္ဂိုလ်သာဖြစ်တော်မူပါသည်။ ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာအထွန်းကား ဆုံးနိုင်ငံမှာ မြန်မာနိုင်ငံသာဖြစ်ကြောင်း တညီတညွတ်တည်း အတည်ပြုထားကြသည်။

ဗုဒ္ဓဘာသာသည်မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွာသက်တော် ထင်ရှားရှိစဉ်ကတည်းကပင် ရောက်ရှိနေကြောင်း လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးက သက်သေပြုလျက်ရှိသည်။ မြန်မာသမိုင်းစဉ် တစ်လျှောက်တွင် ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည်သော မင်းကောင်းမင်းမြတ်များ လက်ထက်တွင် ဗုဒ္ဓသာသနာသည် နေလိုလလိုထွန်းတောက်ခဲ့သည်။ ပုဂံခေတ် ပထမ မြန်မာနိုင်ငံတွင် မင်းနှင့်ပြည်သူတို့ဗုဒ္ဓဘာသာကို ထူးကဲစွာသက်ဝင်ယုံကြည်ခဲ့ကြောင်း သာသနာ့မှတ်တမ်းအဖြစ် ယနေ့တိုင် ပုဂံရှေးဟောင်းနယ်မြေရှိဘုရား ပုထိုး စေတီဂူကျောင်းများက အထင်အရှား ပြဆိုလျက်ရှိသည်။

မြန်မာနိုင်ငံသည် ရှေးဘုရင်မင်းအဆက်ဆက်ကတည်းကပင် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှာန်းဖြင့် ကမ္ဘာ့အလယ်တွင်ဝင့်ထည်စွာ ရပ်တည်နေထိုင်ခဲ့သည့်နိုင်ငံဖြစ်သည်။ ကိုးကွယ်ရာဘာသာအနေဖြင့်လည်း ဗုဒ္ဓဘာသာကို အသက်ထက်ဆုံးအမွန်အမြတ်ပြု၍ ယုံကြည်ကိုးကွယ်ခဲ့ကြသည်။ သမိုင်းကြောင်းတစ်လျှောက် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့ကြသကဲ့သို့ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုနှင့်ပတ်သက်၍ သမိုင်းအထောက်အထားများစွာဖြင့် ခိုင်မာစွာရပ်တည်ခဲ့ကြသည်။

ဘာသာသာသနာကိုစောင့်ရှောက်ကြသည့်မင်းများပေါ်ထွက်လာသည့်အခါတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် စေတီပုထိုး ကျောင်းဇရပ် ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနိကအဆောက်အအုံများ ဆောက်လုပ်တည်ထားကိုးကွယ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရွှေရောင်တဖိတ်ဖိတ် တောက်ပလျက်ရှိသည်။ ထို့ကြောင့်မြန်မာနိုင်ငံကို ရွှေနိုင်ငံ(Golden Land)ဟု ကမ္ဘာကပင် အသိအမှတ်ပြုလက်ခံလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်းအစရှိသော စာပေ ကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော မြန်မာလူမျိုးများသည် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက် အဘက်ဘက်က ဆောင်ရွက်လျက်ရှိကြသည်။ ဗုဒ္ဓသာသနာထွန်းကားခြင်း၏ အကြောင်းရင်းခံ ဖြစ်သောအလှူဒါနပြုလုပ်ခြင်း၊ စေတီပုထိုး ကိုးကွယ်ခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်ကြသည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က မြတ်စွာဘုရား၏ ကိုယ်ပွားရုပ်ပွား တော်ကို ကိုးကွယ်ခွင့်ပြုခဲ့သည့် ဓာတုစေတီ၊ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်များကို တည်ထားကိုးကွယ်ခဲ့ကြသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ပြီးဖြစ်သည့်အတွက် ယခုအခါရတနာပလ္လင် တော်ထက် ဗဟိုမဏ္ဍိုင်၌ဌာပနာသွင်းလှူပူဇော်ခြင်းကိုပြုကြသည်။ ထိုသို့လှူဒါန်းပူဇော်ကြသည့် ခုနစ်ရက် သား၊ သမီးများ၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာ အဖိုးတန် ကျောက်မျက် ရတနာများကို ဌာပနာကုသိုလ်ပြုကြသည်မှာ လွန်စွာပင်အားရ ကြည်နူးဖွယ်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။    ။