တရားမဝင်ကုန်သွယ်မှု ပပျောက်ရေး

တရားမဝင်ကုန်သွယ်မှု ပပျောက်ရေး

တရားမဝင်ကုန်သွယ်မှုများ ရှိနေခြင်းသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ အောင်မြင်ရေးတွင် အဟန့်အတား တစ်ခုသဖွယ် ဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်းစေရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဖော်ထုတ်လျက်ရှိသည်။ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့်  တရားမဝင်ကုန်သွယ်မှုများကို အတိုင်းအတာတစ်ရပ်အထိ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ခဲ့သည်မှာ သိသိသာသာတိုးတက်မှုများ ရှိနေပြီဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုဖြစ်ရခြင်း အကြောင်းရင်းများစွာ ရှိသည့်အနက် အခြေခံကျသည့် အကြောင်းရင်း များဖြစ်သည့် အစိုးရမူဝါဒ၊ ရောင်းလိုအားနှင့်ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုနှင့်ကုန်သွယ်မှု၊ အကောက်ခွန် လုပ်ငန်းဝန်းကျင်စသည့် အချက်များနှင့် တိုင်းတာသည်ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့က သတ်မှတ်ထားကြောင်းသိရှိရသည်။

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ဖော်ဆောင်ရာတွင် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ တရားဥပဒေစိုးမိုးပြီးလုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်   နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့များအနေဖြင့် ဖမ်းဆီးတားဆီးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။  အများပြည်သူများ အနေဖြင့်လည်း  ဥပဒေကို လေးစားလိုက်နာရန် တတ်စွမ်းသမျှဆောင်ရွက်ရမည်ဖြစ်ပေသည်။

ကုန်သွယ်မှုလမ်းကြောင်းများ၊ စစ်ဆေးရေးစခန်းများ၌ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် တရားမဝင်ကုန်ပစ္စည်းများ သိုလှောင်နိုင်သည့်သိုလှောင်ရုံနှင့်အဆောက်အဦများကိုပါ သတင်းလက်ဦးမှုရယူ ဝင်ရောက်စစ်ဆေးဖော်ထုတ်ဖမ်းဆီးပြီး  ဥပဒေနှင့်အညီ အရေးယူခဲ့သည့်အတွက် ကုန်သွယ်မှုလမ်းကြောင်း မဟုတ်သည့်နေရာများတွင် ဖမ်းဆီးရမိမှုများတိုးတက်လာသည်။ ဖမ်းဆီးရမိမှုများမှာ နေ့စဉ်နီးပါးရှိနေသည့် အတွက် တာဝန်ထမ်းဆောင်သူများ၏ကြိုးပမ်းမှုမှာ အားရဖွယ်ကောင်းလှသည်။

တရားမဝင်ကုန်သွယ်မှုများကို တားဆီးစစ်ဆေးရာတွင် တရားမဝင်ကုန်ပစ္စည်းများ အပါအဝင်လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိလျက်ရှိသည်။ ယခင်က မူးယစ်ဆေးဝါး ဖမ်းဆီးရမိရာတွင် WY ကဲ့သို့ဆေးပြားများကို အများဆုံးဖမ်းဆီး ရမိခဲ့သော်လည်း နောက်ပိုင်းတွင်  မူးယစ်ဆေးဝါး ထုတ်လုပ်သူများသည် ၎င်းတို့၏ဈေးကွက်အတွင်း အလွယ်တကူ ထိုးဖောက်ဖြန့်ချိရန်နှင့် လူငယ်များကို ဦးတည်ဖျက်ဆီးရောင်းချရန် မူးယစ်ဆေးဝါးများကို အစားအသောက်ပုံစံများအဖြစ်လည်း ပြောင်းလဲထုတ်လုပ်လာသည်ကို  တွေ့မြင်နေရကြောင်း သိရှိရသည်။

လူငယ်များအနေဖြင့် အစားအသောက်ဟူသောအသိဖြင့် စူးစမ်းသုံးစွဲကြရာမှ မူးယစ်ဆေး၏ သားကောင်ဘဝသို့ ရောက်ရှိသွားနိုင်သည်။  လူငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုများ ပျက်စီးသွားစေနိုင်သကဲ့သို့ မိသားစုဝင်များ စိတ်ဆင်းရဲရသည့် နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာမည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့ဝင်များအနေဖြင့် လက်နက်ခဲယမ်းနှင့်မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်းမှာ ပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုးကိုသယ်ပိုးခြင်း ဖြစ်သည်။ ပြည်သူတို့အပေါ်ကျရောက်လာမည့်  အသက်အန္တရာယ်ကို ကြိုတင်ကာကွယ်မှုပြုလိုက်ခြင်းလည်း ဖြစ်သည်။ မူးယစ်ဆေးဝါးသည်လူငယ်တို့၏ အနာဂတ်ကိုဖျက်ဆီးနေခြင်း ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ဦးဆောင်မှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များဖွဲ့စည်း၍  ထိထိရောက်ရောက် တားဆီးဖမ်းဆီးဆောင်ရွက်လျက်ရှိပြီး အထိုက်အလျောက် တားဆီးစစ်ဆေး အရေးယူနိုင်ခဲ့သည်။ ထိုသို့ဖမ်းဆီးတားဆီးရာတွင် ပါဝင်ဆောင်ရွက်ကြသည့်ဝန်ထမ်းများအနေဖြင့်    အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံအတွက်ရသင့်ရထိုက်သည့် အခွန်အခများ ကောက်ခံရရှိနိုင်ရေးအတွက် စေတနာအပြည့်ထားပြီး ပေးအပ်သည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်မှုကိုလည်း ဂုဏ်ပြုလျက်ရှိသည်။ ထို့အတူ တရားမဝင်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည့်ဝန်ထမ်းများကို စိစစ်တွေ့ရှိပါကလည်း စံနမူနာပြအနေဖြင့် ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှဒီဇင်ဘာလအထိ ဖမ်းဆီးရမိမှုအမှုတွဲ ၄၂၃၂ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅ ဒသမ ၀၅၆ ဘီလီယံဖြစ်သည်။ ယခင်နှစ်ကာလတူ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ဖမ်းဆီးရမိမှုအမှုတွဲ ၂၂၄၀ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၈ ဒသမ ၄၅၉ ဘီလီယံဖြစ်သည်။ ကာလနှစ်ခုကိုနှိုင်းယှဉ် ပါက ၂၀၂၁ ခုနှစ်ထက်  ၂၀၂၂ ခုနှစ်တွင်  တရားမဝင်ကုန်သွယ်မှုပိုမိုဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွားတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေးအတွက် တရားမဝင် ကုန်သွယ်မှုပပျောက်အောင် ကြိုးစားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။