မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောရွှေနိုင်ငံ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်)

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောရွှေနိုင်ငံ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက် လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ထို့အတူ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ရတနာ ပလ္လင်တော်ထက်ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်တွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ရတနာ ပလ္လင်တော်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဆောင်ရွက်မှုများကို ယခုရက်သတ္တပတ်အတွင်း ပိုမို၍ တွေ့မြင်ရသည်မှာ ကြည်နူးချမ်းမြေ့ဖွယ်ဖြစ်သည်။ ကောင်းမှုမြတ်နိုး ကောင်းအောင်ကျိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း ဆိုသကဲ့သို့ ကောင်းမှုများကိုပြုလုပ်နေသည်မှာ နိုင်ငံတော်အေးချမ်းသာယာခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းတို့၏ အသွင်သဏ္ဌာန်ကို ဖော်ညွှန်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘုရားပုထိုးစေတီ ကျောင်းကန်များတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ရွှေသင်္ကန်း၊ ထုံးသင်္ကန်းကပ်လှူခြင်းတို့အပြင် နေရာဒေသတိုင်းတွင် ဘုရားရှင်၏ ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်ခြင်းများ ပြုလုပ်နေသည်မှာ မင်္ဂလာရှိလှသည်။

မင်္ဂလာဟူသောစကားကို မြန်မာအဘိဓာန်တွင် တိုးတက်ကြီးပွားကြောင်းတရား၊ ကောင်းမြတ်ခြင်း၊ တင့်တယ်ခြင်း၊ ကျက်သရေရှိခြင်းဟူ၍ ဖွင့်ဆိုထားသည်။  ဤလောကတွင် ဗုဒ္ဓမြတ်စွာပွင့်တော်မူလာ ခြင်းကြောင့်သာ လူသားတို့သည် မင်္ဂလာ၏ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် သိရှိကြရခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ပွင့်တော်မမူမီက လူသားများအဖို့ အနှစ်သာရရှိသော အဖိုးတန်စကားမျိုးကို ကြားနာခွင့်မကြုံခဲ့ရပါ။ မင်္ဂလာ ဟူသည် အဘယ်နည်းဟူသော ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ဖူးသည်။ ဒိဋ္ဌသမားများက အမြင်ကောင်း အာရုံကို မင်္ဂလာဟုဆိုသည်။ သုတသမားများက အကြားကောင်းအာရုံဟု ပြောကြသည်။ မုတသမားများက အနံ့ကောင်း၊ အရသာကောင်း၊ အာရုံအတွေ့ကောင်းဟု ယုံကြည်ကြသည်။

နှစ်ပေါင်း ၁၂ နှစ်ကြာသည့်တိုင် အဖြေမှန်ကိုရှာမတွေ့နိုင်ခဲ့ပေ။ ဗုဒ္ဓမြတ်စွာဘုရား ပွင့်ပေါ်လာမှသာ မင်္ဂလာ၏အဓိပ္ပာယ်ကို သိခွင့် ရကြသည်။ မင်္ဂလာတရားတော်ကို သာဝတ္ထိပြည်ဇေတဝန် ကျောင်းတော်ကြီးပေါ်တွင်  အညတရနတ်သားတစ်ဦးက လျှောက်ထား၍  မြတ်စွာဘုရားရှင်က  မင်္ဂလသုတ်တော်ကို ဟောကြားတော်မူသည်။ မင်္ဂလာတရားသည် အရေအတွက်အားဖြင့် (၃၈) ပါးရှိသည်။ မင်္ဂလာတရားတော်သည် ကြီးပွားခြင်း၏ အကြောင်းဖြစ်သည်။ နတ်တကာတို့ထက်မြတ်သော ဝိသုဒ္ဓိနတ်ဘုရားမြတ်သည် သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှာ မင်္ဂလာတရားတော်ကို ဟောတော်မူခြင်းဖြစ်သည်။

မကောင်းမှုအားလုံးကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟုခေါ်ပါသည်ဟူသော အဓိပ္ပာယ်ကို မင်္ဂလသုတ် အမွှမ်းတွင် တွေ့ရသည်။ ပါဠိသက်ဝေါဟာရအဘိဓာန်တွင် အလိုပြည့်ခြင်း၊ အောင်မြင်ခြင်း၊ ကြီးပွားခြင်း၊ ပြည့်စုံခြင်း၊ ကြီးပွားချမ်းသာ အကြောင်းတရား၊ ကံကောင်းခြင်း၊ နိမိတ်ကောင်းခြင်း၊ နှစ်သက် ခြင်း၊ ချမ်းသာပျော်ရွှင်ခြင်းဟူ၍ ဖွင့်ဆိုထားသည်။ မြတ်ဗုဒ္ဓက လူသားတို့အလွယ်တကူ သိရှိနားလည်စေရန်အတွက် မင်္ဂလာတရားတော် (၃၈)ပါးကို ဟောတော်မူခဲ့ခြင်းဖြစ်သည်။

ပူဇော်ထိုက်သူကို ပူဇော်ခြင်းမှာ မင်္ဂလာဖြစ်သည်။ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ပြုခြင်းမှာလည်း မင်္ဂလာဖြစ်သည်။ မြန်မာ နိုင်ငံတွင် ကောင်းခြင်းမင်္ဂလာအပေါင်းကို ပြုမူဆောင်ရွက်လျက်ရှိသည့်အတွက် မကောင်းသောအမင်္ဂလာတို့ ဝေးကွာပယ်ပျောက် တော့မည်သာဖြစ်သည်။ အများကောင်းကျိုးရွက်သယ်ပိုး လျက်ရှိရာတွင် ပစ္စုပ္ပန်နှင့် နောင်သံသရာ ဘဝအဆက်ဆက် ကောင်းမွန်ရေးကို အလေးထားပြုမူစွမ်းဆောင် နေခြင်းဖြစ်သည်။ ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကြောင့် သိကြားမင်းသည် နတ်တကာတို့ထက် မြတ်သော အကြီးအမှူးအဖြစ်သို့ ရောက်၏ဟူ၍ မြတ်စွာဘုရားဟောတော်မူသည်။

ရှေးကပြုဖူးသော ကောင်းမှုအထူးရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သကဲ့သို့ ယခုလက်ရှိတွင် ကောင်းမှုပြုလုပ်နေသည်မှာလည်း မင်္ဂလာဖြစ်သည်။ ပတိရူပ ဒေသဝါသောစ သင့်လျော်သောအရပ်၌ နေရခြင်းမှာလည်း မင်္ဂလာတစ်ပါးဖြစ်သည်။ လောက လူသားတို့၏ လူမှုစီးပွားဘဝအတွက် အရေးပါလှသည့် ရပ်ပြစ်ရှစ်ပါးနှင့် လွတ်ကင်းသောအရပ်သည် သင့်လျော်သော အရပ်ဒေသ ဖြစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအမွေအနှစ်ကို ယုံကြည်လက်ခံကိုးကွယ်သည့်နိုင်ငံဖြစ်သည့် ပတိရူပ အရပ် ဒေသဟုဆိုက ရာနှုန်းပြည့် မှန်ကန်လှသည်။

သဒ္ဓါတရားမရှိလျှင် သဒ္ဓါတရားရှိစေရန်၊ သီလမရှိလျှင် သီလရှိအောင်၊ မကောင်းမှုဟူသမျှကိုမပြုရအောင် မိမိစိတ်ကို မိမိထိန်းချုပ်နိုင်အောင် သွန်သင်ဆုံးမတတ်သော ဆရာတော်သံဃာတော်များ ရှိစေခြင်းကလည်း မြန်မာနိုင်ငံသည် မင်္ဂလာရှိသော ဒေသဖြစ်သည်။ ကမ္ဘာတွင်ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို   တည်ထားကိုးကွယ်ခြင်းမင်္ဂလာ၊ မြန်မာတစ်ဝန်းရှိ  ဘုရားစေတီများတွင်  ကောင်းမှုကုသိုလ်ပြုခြင်းမင်္ဂလာ၊ တရားဓမ္မများကို ရွတ်ဆိုပူဇော်ခြင်း မင်္ဂလာအပေါင်းတို့ကြောင့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ရွှေနိုင်ငံအဖြစ် ကြည်နူးစွာ ရေးသားလိုက်ရပေသည်။    ။