(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြင်းစီးအားကစား ပြိုင်ပွဲကျင်းပမည်

 (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြင်းစီးအားကစား ပြိုင်ပွဲကျင်းပမည်

ရန်ကုန်  ဇန်နဝါရီ  ၃၀

    မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြင်းစီးအားကစားပြိုင်ပွဲ များကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်    မြင်းစီးအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် နိုင်ငံတကာပြိုင်ပွဲ - Show Jumping စနစ်အတိုင်း     အကြီးတန်း၊ အငယ်တန်းနှင့်   ရိုးရာပြိုင်ပွဲ-ဒုန်းမြင်းစီးပြိုင်ပွဲ၌ အတန်း ငါးတန်း သတ်မှတ်ထားရာ Pony  တန်းတွင် မြင်းဒေါက် ၄ ပေ ၈ လက်မ အောက်၊ အငယ်တန်းတွင်    မြင်းဒေါက် ၄ ပေ ၁၀ လက်မအောက်၊ အလတ်တန်းတွင် မြင်းဒေါက် ၄ ပေ ၁၀ လက်မမှ ၅ ပေအထိ၊ အကြီးတန်းတွင် မြင်းဒေါက် ၅ ပေ မှ ၅ ပေ ၂ လက်မ၊ အထူးတန်းတွင် မြင်းဒေါက် ၅ ပေ ၂ လက်မ အထက်ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။

မြင်းစီးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများနှင့် မြင်းများကို မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်လင့်ခ်သို့  ဖေဖော်ဝါရီ ၅ ရက် ည ၁၂ နာရီ နောက်ဆုံးထား၍ စာရင်းသွင်းရန်နှင့် ပြိုင်ပွဲဝင်ရောက်ရန် အတွက် စာရင်းသွင်းထားသည့် နေ့ရက်မှ  နှစ်ရက်အတွင်း    ပြိုင်ပွဲစိစစ်ရေးအဖွဲ့မှ စိစစ်၍ ပြန်လည်အကြောင်း ပြန်ပေးမည်ဖြစ်ရာ ပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရသည့် အားကစားသမားများနှင့် မြင်းများအားလုံး မြင်းစီးအားကစားကွင်းသို့ ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အတွင်း ရောက်ရှိ  နေရာယူပေးရမည်ဖြစ်ကြောင်း သိရသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြင်းစီးပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်မြင်းများ ထားရှိရန်   မြင်းဇောင်းများ၊ ရေ မီးတို့ကို စီစဉ်ပေးထားမည်ဖြစ်ပြီး မြင်းစာများ ဝယ်ယူနိုင်ရန်လည်း စီစဉ်ထားရှိ ပေးမည်ဖြစ်ကြောင်းနှင့် အထူးအစီအစဉ် အနေဖြင့်    ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြင်းစီးအားကစားသမားများနှင့် မြင်းများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ မှတ်ပုံတင် စာရင်းသွင်းခြင်းများကို     တစ်ပါတည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။