ဆီထွက်သီးနှံနေကြာကို အလားအလာကောင်းသော ဒေသများတွင် တိုးချဲ့စိုက်ပျိုးရေးနှင့် သီးထပ်သီးနှံအဖြစ် ဆောင်းနေကြာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ကြရန်လို

ဆီထွက်သီးနှံနေကြာကို အလားအလာကောင်းသော ဒေသများတွင် တိုးချဲ့စိုက်ပျိုးရေးနှင့် သီးထပ်သီးနှံအဖြစ် ဆောင်းနေကြာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ကြရန်လို

တိုက်ကြီး  ဇန်နဝါရီ  ၃၀

    ဆီထွက်သီးနှံနေကြာကို အလားအလာကောင်းသော ဒေသများတွင် တိုးချဲ့စိုက်ပျိုးရေးနှင့်သီးထပ်သီးနှံအဖြစ်  ဆောင်းနေကြာ စိုက်ပျိုးရေး  ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊  စားသုံးဆီလိုအပ်ချက်အရ သီးနှံဈေးကွက်သေချာမှု ရှိနေသည့်အတွက် တောင်သူများအနေဖြင့် အခွင့်အလမ်းကောင်း တစ်ခုအဖြစ် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ယမန်နေ့က   ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌    ဒုတိယဝန်ကြီးနှင့်  ဥတိုကျေးရွာအုပ်စု နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံစဉ်   ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင်    တာဝန်ရှိသူများက  ဆီထွက်သီးနှံ   နေကြာစိုက်ပျိုး ထားရှိမှု၊ နွေစပါးနှင့်  မတ်ပဲစိုက်ပျိုးပြီးစီးမှုနှင့် ဆောင်းသီးနှံ စိုက်ပျိုးနေမှုများကို ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိုးကျပေါင်းစပ် အသုံးပြုရန် လိုအပ်ချက်များ၊ နေကြာအထွက်နှုန်း သေချာစေရေး သွင်းအားစုနှင့် စိုက်ပျိုးရေကို အချိန်ကိုက် ထည့်သွင်းရန်   လိုအပ်ချက်များကို   ဆွေးနွေးမှာကြားပြီး တောင်သူဦးခင်မောင်လွင်၏  Super Summer.66 စပ်မျိုးနေကြာ စိုက်ခင်းဖြစ်ထွန်းအောင်မြင် နေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး  သာယာဝတီမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ရောက်ရှိပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ အမှာစကား ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများနှင့်  ဆရာ၊ ဆရာမများ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး လက်တွေ့စိုက်ပျိုးထားသည့် စိုက်ခင်းများ၊ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာသင်တန်း ဖွင့်လှစ်ရန် အသစ်တည်ဆောက်ထားသော စာသင်ဆောင်၊ လက်တွေ့ဆောင်နှင့် အမျိုးသမီး အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာ အုပ်စုဆောင်းနေကြာ စံပြကွက်ကို လည်းကောင်း၊ မင်းလှမြို့နယ်   အုပ်တွင်းကျေးရွာအုပ်စုမတ်ပဲနှင့် နေကြာသီးညှပ် စိုက်ခင်းကိုလည်းကောင်း၊  မင်းလှမြို့နယ်  ကိုင်းပြင်ကြီးကျေးရွာ ဆောင်းနေကြာစံပြစိုက်ခင်းများကို လည်းကောင်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် သဲတောရေလှောင်တမံ တမံကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှုများကို လည်းကောင်း၊ အုတ်ဖိုမြို့ ငါးလုပ်ငန်းဦးစီးဌာန ငါးသားဖောက် စခန်း၏ ငါးမျိုးသားဖောက်ခြင်း၊ ငါးသားပေါက်ဖြန့်ဖြူးပေးခြင်း၊   ငါးမျိုးစိုက်ထည့်ခြင်းနှင့် ဒေသငါးသားဖောက်ခြင်း လုပ်ငန်း ဆောင်ရွက်ချက်များကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။