ရွှေနိုင်ငံ ရွှေအဆင်း ထိန်းလင်းလျက်သာယာနေပြီ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်)

ရွှေနိုင်ငံ ရွှေအဆင်း ထိန်းလင်းလျက်သာယာနေပြီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဇန်နဝါရီ ၂၇ ရက်က ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ “မိမိတို့နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက  နိုင်ငံတော်တာဝန် များကိုထမ်းဆောင်ချိန်တွင် အချို့သောနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများနှင့် ဝေဖန်ပြောဆိုမှုများရှိခြင်းကြောင့်  နိုင်ငံတကာဆက်ဆံရေးတွင် အကျပ်အတည်းများရှိခဲ့ကြောင်း၊  မိမိတို့နိုင်ငံသည် ယခင် ကတည်းက ကြားနေနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာနှင့်ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြကြောင်း၊ ယခုအချိန်အထိ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများ၏ မိမိတို့နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးသဘာထားများကွဲလွဲမှုနှင့် အချို့နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှု များကြောင့် မိမိတို့နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခြင်းများရှိခဲ့ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်လျက်ရှိကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိပြီး မိမိနိုင်ငံကို အကောင်းဆုံး ဖြစ်အောင်တည်ဆောက် လျက်ရှိသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည့်အတိုင်း မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတွင်းရှိစွမ်းအားများကို ပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက် ပေးလျက်ရှိသည်။ ဆိုလိုသည်မှာ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME)စီးပွားရေးလုပ်ငန်းများကို အထူးအားပေးနေပြီး ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးလုပ်ငန်းစဉ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်သည်။ လူသားတို့ အတွက်အရေးကြီးဆုံးမှာ ကောင်းမွန်စွာနေထိုင် စားသောက်နိုင်ရေးသည် အခြေခံလိုအပ်ချက်ဖြစ်သည်။ လူမှုစီးပွားဘဝ မြင့်မားရေးကို ဆောင်ရွက်နေခြင်းနှင့်အတူ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေးလုပ်ငန်းစဉ်များကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိသည်။   ယခုအခါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပင် ထွက်ရှိလာပြီဖြစ်သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပရာ တွင် နိုင်ငံတော်အစိုးရ ဦးဆောင်မှုအောက်တွင် တိုင်းသူပြည်သားအားလုံး စည်းလုံးညီညွတ်စွာ ပြည်သူတို့တက်ကြွပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်ကို တွေ့မြင်ကြပြီးဖြစ်သည်။ ထိုသို့တွေ့မြင်ရလေလေ မြန်မာ့အကျိုးကိုမလိုလားသော ပြည်ပနိုင်ငံတို့က အဖျက်စိတ် ထားရှိလေလေဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယုံတမ်းပြောစကားများနှင့် ဖြစ်ရပ်မှန်များဟူသော ခေါင်းစဉ်ဖြင့် မြန်မာသံရုံး လန်ဒန်မြို့၏တုံ့ပြန်ချက်ကို ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၃၈ ဒသမ ၂၇ သန်းအနက် ၁၁ ဒသမ ၃၀ သန်း (၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) မှာ မဲစာရင်းလွဲမှားမှုများ ရှိနေကြောင်းနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးရန် လုပ်ဆောင်ခဲ့သော်လည်း လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)နှင့် နိုင်ငံတော်တစ်ဝန်းအရေးပေါ် အခြေအနေကြေညာချက် ထုတ်ပြန်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပါ။ တပ်မတော် သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ကာကွယ်စောင့်ရှောက်သူ အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပပြီးနောက် အနိုင်ရရှိသည့်ပါတီသို့ အခွင့်အာဏာ ပြန်လည်အပ်နှင်းရန် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်သိနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ၏ စိုးရိမ်မှုများကိုနားလည်ပါသည်။ သို့သော်လည်း အာဆီယံ၏ တူညီဆန္ဒ(၅)ရပ်အပါအဝင် ပြင်ပမှလုပ်ငန်း စဉ်များသည် နိုင်ငံတော်အစိုးရ၏ လမ်းပြမြေပုံ(၅)ရပ်နှင့် ဆန့်ကျင်ဘက်မဖြစ်စေဘဲ သဟဇာတဖြစ်ရန် လိုအပ်ပါသည်။ ပိတ်ဆို့အရေးယူမှုများချမှတ်ခြင်း၊ အချိန်ကာလသတ်မှတ်ခြင်းနှင့် ဖိအားပေးခြင်းတို့သည် မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုထက် အပျက်သဘောဆောင်သည့် သက်ရောက်မှုက အပျက်သဘောများကို  ပိုမို၍ဖန်တီးပေးမည်သာဖြစ်သည်။ မြန်မာနိုင်ငံနှင့် ပြည်သူတို့၏ ကောင်းကျိုးစီးပွားကို လိုလားပါက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည့်ပြည့်၀၀ထောက်ခံကူညီခြင်းသာ အကောင်းဆုံးဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ အခြေအနေကောင်းများ ဖန်တီးတည်ဆောက်နေခြင်းများမှာ လွန်စွာ ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်သည့်အတွက်  ရွှေနိုင်ငံရွှေအဆင်း ထိန်လင်းလျက်သာယာနေပြီဖြစ်ပါကြောင်း ရေးသားလိုက် ရပေသည်။   ။