ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လူငယ်ကစားသမား အန်ဇိုဖာနန်ဒက်ကို ချယ်လ်ဆီးအသင်းကခေါ်ယူရန် သဘောတူညီမှုရရှိ

ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လူငယ်ကစားသမား အန်ဇိုဖာနန်ဒက်ကို ချယ်လ်ဆီးအသင်းကခေါ်ယူရန် သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်းက      ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလပြီးဆုံးရန် နာရီပိုင်းအလိုတွင် ဘင်ဖီကာအသင်း လူငယ်ကစားသမား အန်ဇိုဖာနန်ဒက်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့်  စတာလင်ပေါင် ၁၁၅  သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းကို ပြီးခဲ့သည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလက အမေရိကန်သူဌေး တော့ဘိုလီပိုင်ဆိုင်ခဲ့ပြီးနောက်  အသင်းကို  အပြောင်း အရွှေ့ကာလများတွင် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံ၍ ကစားသမားသစ်များ ခေါ်ယူအင်အားဖြည့်တင်း လျက်ရှိရာ  ယခုအခါ  အန်ဇိုဖာနန်ဒက်ကို  ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့်    ခေါ်ယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အန်ဇိုဖာနန်ဒက်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အာဂျင်တီးနားအသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာတွင်   အဓိက ကစားသမားအဖြစ်   အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ    ပြိုင်ပွဲ၏အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းကခေါ်ယူရန် ကြိုးပမ်းမှုများစတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည်     အန်ဇိုဖာနန်ဒက်ကို ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလ စတင် ချိန်ကတည်းက ခေါ်ယူရန်ကြိုးပမ်းခဲ့ပြီး ကစားသမားနှင့်   အစောပိုင်းကတည်းက   သဘောတူညီမှု ရရှိခဲ့သော်လည်း ဘင်ဖီကာအသင်းနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုအဆင်မပြေသည့်အတွက်    ကြန့်ကြာနေ ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းကလည်း အန်ဇိုဖာနန်ဒက်ကို ဇန်နဝါရီ     ကစားသမားအပြောင်းအရွှေ့ကာလတွင်ပင် ခေါ်ယူလိုသည့်အတွက် ဘင်ဖီကာအသင်း မငြင်းပယ်နိုင်သော  ပြောင်းရွှေ့ကြေးဖြစ်သည့်  စတာလင်ပေါင်  ၁၁၅  သန်းဖြင့်  ကမ်းလှမ်းခဲ့ပြီးနောက် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်သစ် လက်ထက်တွင် ပြောင်းရွှေ့ကြေးအသုံးစရိတ် စတာလင်ပေါင် သန်း ၆၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

Ref;Dailymail