ပါကစ္စတန်ရှိဗလီတစ်ခု၌ အကြမ်းဖက်တိုက်ခိုက်မှု သေဆုံးသူ ၉၅ ဦးအထိမြင့်တက်

ပါကစ္စတန်ရှိဗလီတစ်ခု၌ အကြမ်းဖက်တိုက်ခိုက်မှု သေဆုံးသူ ၉၅ ဦးအထိမြင့်တက်

ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့၌ ဇန်နဝါရီ ၃၀ ရက်တွင်ဖြစ်ပွားသော အသေခံဗုံးခွဲသည့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသူ ၉၅ ဦးအထိမြင့်တက်လာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၃၁ ရက်တွင်ထုတ်ပြန်ထားသည်။

အသေခံဗုံးခွဲတိုက်ခိုက်မှုသည် ရဲဌာနချုပ်ဝင်းတစ်ခုအတွင်းရှိ   ဗလီတစ်ခု၌  မွန်းလွဲပိုင်းတွင်ဖြစ်ပွားခြင်းဖြစ်ပြီး   ရဲတပ်ဖွဲ့ဝင် ၃၀၀ နှင့် ၄၀၀ ကြားမှာ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်နေချိန်ဖြစ်သည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဗလီနံရံကြီးတစ်ခုလုံးပြိုကျသွားသည့်အပြင် အမိုးများလည်း ပြိုကျမှု ဖြစ်ပွားကြောင်းနှင့် ယင်းတိုက်ခိုက်မှုသည်   ရဲတပ်ဖွဲ့အပေါ် ပစ်မှတ်ထားသည့် လက်တုံ့ပြန်တိုက်ခိုက်မှု ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးက ဇန်နဝါရီ ၃၁ ရက်တွင်ပြောသည်။

အခုတိုက်ခိုက်မှုက စစ်သွေးကြွများကို ရှေ့တန်းကျကျရင်ဆိုင်တိုက်ခိုက်နေရတဲ့ မိမိတို့တပ်ဖွဲ့အပေါ် ပစ်မှတ်ထားခြင်းဖြစ်ပြီး ရည်ရွယ်ချက်ကတော့ မိမိတို့တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်ပျက်ပြားစေဖို့ဖြစ်ပါတယ်ဟု ရဲတပ်ဖွဲ့မှူး    မူဟမ်မတ်အီဂျက်ခန်းက ပြောသည်။

အသေခံဗုံးခွဲတိုက်ခိုက်သူသည် ဗလီအတွင်းသို့ ဧည့်သည်အနေဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ဖောက်ခွဲရေးပစ္စည်း ၁၀ ကီလိုဂရမ်မှ ၁၂ ကီလိုဂရမ်အထိ  သယ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်းနှင့်    ယင်းတိုက်ခိုက်မှု၏ နောက်ကွယ်တွင်   ပါကစ္စတန်တာလီဘန် အဖွဲ့နှင့်ဆက်စပ်သည့်   စစ်သွေးကြွအဖွဲ့ရှိနိုင်ကြောင်း    ခိုင်ဘာပတ်တန်ခွာပြည်နယ်ရဲမှူး မိုအာဇမ်ဂျာအန်ဆာရီကပြောသည်။

Ref:CNA