ငြိမ်းချမ်းမှုရှိမှ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မည်

ငြိမ်းချမ်းမှုရှိမှ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မည်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်)

နိုင်ငံတစ်နိုင်ငံတွင် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကဖြစ်သည်။ လူငယ်တိုင်းပညာကို တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်ပြီး ထိုတတ်မြောက်သောပညာနှင့် နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြရမည်ဖြစ်သည်။ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်တို့ မြင့်မားသည်နှင့်အမျှ အမှားနှင့်အမှန်ကို ဆင်ခြင်သိမြင်လာကြမည် ဖြစ်သည်။ လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံတော်ကို ပိုင်ဆိုင်ကြသူများဖြစ်သည်။ မလွဲမသွေအနာဂတ်နိုင်ငံတော်၏ အရေးအားလုံးကို  တာဝန်ယူကြရမည့်သူများမှာ လူငယ်များသာဖြစ်သည်။ လူငယ်တို့မှန်ကန်စွာ တွေးခေါ်နိုင်သည်နှင့်အမျှ လူ့အဖွဲ့အစည်းကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက်နိုင်ကြမည်သာဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားကျင်းပပုံများကို ရုပ်မြင်သံကြားများမှ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်။ ထိုသို့ပြသခဲ့သည့်အတွက်လည်း တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံး တွေ့မြင်ကြပြီးဖြစ်သည်။ မန္တလေးတက္ကသိုလ်အသီးသီးတွင် တက်ရောက်နေကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူများက သူတို့နေထိုင်ရာ ဒေသများအကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် ငြိမ်းချမ်းရေးလိုအပ်ကြောင်းများကို ဆွေးနွေး ကြသည်။

လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်၊ အမျိုးဘာသာ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာ စေရေး လူငယ်များက စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ငြိမ်းချမ်းမှုရှိလျှင် တိုင်းပြည်သာယာဝပြောမည်ဟူသော အသိရရှိစေရန် ရည်ရွယ်၍ ကျင်းပသည့်ပွဲ ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးမှုများတွင် ပညာသာလျှင်အဓိက၊ ပညာတတ်လျှင် အမှားအမှန်ကိုခွဲခြားနိုင်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝအရင်းအမြစ်များ ရှိပြီးဖြစ်သော်လည်း  ဒေသဖွံ့ဖြိုး တိုးတက်မှုမရှိရခြင်းမှာ ငြိမ်းချမ်းရေးမရသောကြောင့်ဟူသော အဖြေကို ကွက်ကွက်ကွင်းကွင်း ပြောဆိုဆွေးနွေးသွားကြသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသည့် ကျောင်းသားလူငယ်သုံးသောင်းခန့် တက်ရောက်ခဲ့သည်ကို တွေ့မြင်ရသည်။ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ စုံညီပွဲတော်သို့ တက်ရောက်လာကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကြိုဆိုကာ ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ရေးကို လိုလားနှစ်သက်ကြောင်း ပြောဆိုဆွေးနွေးကြသည်။ တိုးတက်မှုမရှိသော ဒေသများကို  ကြည့်မည်ဆိုပါက ငြိမ်းချမ်းမှုမရှိခြင်းတည်းဟူသော အဖြေကို အဓိကတွေ့ရမည် ဖြစ်သည်။

လူငယ်ငြိမ်းချမ်းရေးစကားဝိုင်းတွင် “သွေးချင်းညီနောင်၊ ကောင်းကျိုးဆောင်၊ ပြည်သစ်အောင်ဖို့ ဆွေးနွေးစို့” ဟူသော  ဆောင်ပုဒ်ကို အထင်အရှားမြင်တွေ့ရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီး၌ အသိပညာ၊ အတတ်ပညာများကို သင်ယူနေကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ပြည်နယ်နှင့် နိုင်ငံတိုးတက်မှု နှောင့်နှေးရခြင်းသည် ငြိမ်းချမ်းမှုမရရှိခြင်းကြောင့်ဟူသော အဖြေမှန်ကို မီးမောင်းထိုးသွားကြသည်။ ထို့အတူ ငြိမ်းချမ်းမှုရှိပါက ခံစားရမည့်အသီးအပွင့်များ၊ အကျိုးကျေးဇူးများကိုလည်း ဆွေးနွေးသွားကြသည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးများအလိုက်  ယဉ်ကျေးမှုများ၊ ဒေသထွက်ရိုးရာ အစားအစာများကို  အသိပညာဗဟုသုတရရှိအောင် ထည့်သွင်းပြောဆိုခဲ့ကြသည်။

ကျောင်းသား၊ ကျောင်းသူလူငယ်တို့၏ ရင်ထဲတွင် မိမိတို့ဒေသ၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးမှာ မရှိမဖြစ် လိုအပ်သည်ဟူသော အသိကို ထုတ်ဖော်ပြသသွားကြသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တကယ်လိုချင်ပါက တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး ပညာတတ်ဖို့လိုသည်။ ပရဟိတစိတ်ရှိရန်လိုသည်။ ပညာလည်းတတ်၊ ပရဟိတစိတ်လည်းရှိမည်ဆိုပါက လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဘာသာစွဲဟူသော အစွဲလေးစွဲကင်းစင်ရမည် ဖြစ်သည်။ ထိုအစွဲများ ကင်းစင်ပါက မိမိတို့တတ်ထားသည့်အသိပညာ၊ အတတ်ပညာဖြင့် ကဏ္ဍအသီးသီးမှာ မခိုကပ်ဘဲလုပ်ဆောင်ကြမည်ဆိုပါက မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးမရှိမှုကြောင့် ဒေသတိုးတက်မှုနိမ့်ကျနေသည်မှာ ပကတိအရှိတရားဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်ရှိပေရာ တစ်နေရာတည်း၊ ဒေသတစ်ခုတည်းတွင် လူမျိုးစုတစ်စုသာ နေထိုင်ခြင်းမျိုးမဟုတ်ဘဲ တိုင်းရင်းသားအားလုံး စုပေါင်းနေထိုင်ကြခြင်း ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခရှိနေသောနေရာတွင် ငြိမ်းချမ်းမှု ကင်းမဲ့နေမည်ဖြစ်သည်။ တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က သန့်ရှင်းဖြူစင်သော စိတ်ထားဖြင့် ဖိတ်ခေါ်လျက်ရှိသည်။ ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်ထားကြောင်းလည်း ကြေညာထားပြီး ဖြစ်ပေရာ မိမိဒေသကို ချစ်မြတ်နိုးပါက လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးလမ်းကြောင်းတွင်  လျှောက်လှမ်းကြရန်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။