ဖွံ့ဖြိုးရေး၊ တိုးတက်ရေးနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်)

ဖွံ့ဖြိုးရေး၊ တိုးတက်ရေးနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေး

နေပြည်တော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်သည်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပေရာ နေပြည်တော်ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်ကြရမည်ဖြစ်သည်။ မြို့တော်အင်္ဂါရပ်များနှင့်အညီ လမ်းပန်းဆက်သွယ်ရေးစနစ်၊ ရေစီးရေလာကောင်းမွန်ရေး စနစ်တို့အပါအဝင် အပန်းဖြေအနားယူနိုင်သည့် နေရာများ၊ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်သည့်နေရာများ၊ တည်းခိုနေထိုင်ရန် ဟိုတယ်ဇုန်များကိုလည်း မြို့ပြစီမံခန့်ခွဲမှုစနစ်များနှင့်အညီ  တည်ဆောက်ထားရှိပြီးဖြစ်သည်။ နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတည်ရှိနေသဖြင့်  ပြည်ပခရီးသွား ဧည့်သည် များပိုမိုတိုးတက် ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းများ ရှိနေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)တွင် နေပြည်တော်နှင့်ပတ်သက်၍ “၁၇ နှစ်တာကာလအတွင်း နေပြည်တော်သည် များစွာတိုးတက် ပြောင်းလဲလာပြီဖြစ်ကြောင်း၊ မြို့တော်တစ်ခု၏ အင်္ဂါရပ်နှင့်ညီအောင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး   မြို့တော်တွင် နေထိုင်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့တော်ကို Green City၊ Clean City၊ Smart City ဖြစ်အောင် ပုံဖော်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နေပြည်တော် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာနေပြည်တော်ကောင်စီမှလည်း နေပြည်တော် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း” အမှာစကားတွင် ထည့်သွင်းပြောကြား ခဲ့သည်။    

မိမိတို့နေထိုင်ရာ အိမ်သည်သာယာနေမှသာ လာရောက်လည်ပတ်သော ဧည့်သည်တို့စိတ်တွင် ချမ်းမြေ့မှုရှိနေမည်ဖြစ်သည်။  ထို့ကြောင့် အိမ်နှင့်ပတ်ဝန်းကျင် သာယာရေးဆောင်ရွက်ခြင်း၊ လိုအပ်သည့်အသုံးအဆောင်များ ဖြည့်ဆည်းခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ကြရမည်ဖြစ်သည်။ မည်သည့်အိမ်တွင်မဆို ဘုရားခန်း၊ ဘုရားကျောင်းဆောင်သည် အလှပဆုံး၊ အသပ္ပာယ်ဆုံး၊ ကြည်ညိုဖွယ် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ မွန်မြတ်သောစိတ်ဖြစ်သည်။

ဘာသာရေးသည် လူသားတို့၏စိတ်ထားကို သိမ်မွေ့နူးညံ့စေသည်။ လောကကြီးကိုအကောင်းဆုံး တည်ဆောက်နိုင်အောင် ဘာသာရေးက လမ်းညွှန်ပေးလျက်ရှိသည်။ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အားလျော်စွာ ဖွံ့ဖြိုးတိုးတက်မှု၊ သာယာမှု၊ စိတ်ကြည်နူးမှုတို့ကို ပေးစွမ်းနိုင်ရမည်ဖြစ်သည့်အတွက် ယခုအခါ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်လျက်ရှိရာ ယခုအခါရတနာ ပလ္လင်တော်ထက်သို့စတင်ပင့်ဆောင်ပူဇော်ခြင်း၊  ရတနာပလ္လင်တော်ထက်ဗဟိုဌာနတွင်  ဌာပနာတော်သွင်းလှူ ပူဇော်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။  အလယ်ဗဟိုဌာနများတွင် ဌာပနာတော်ထပ်မံထည့်သွင်း လှူဒါန်းပူဇော်မည်ဖြစ်ရာ လှူဒါန်းလိုသူများ အနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းကိုလည်း အသိပေးထားပြီးဖြစ်သည်။

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအားပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်ရည်သန်လျက် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်ခြင်းဖြစ်သည်။

နေပြည်တော်ကို နိုင်ငံ၏မြို့တော်အင်္ဂါရပ်များနှင့်အညီ တည်ဆောက်လျက်ရှိရာတွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ် (နေပြည်တော်)ကိုလည်း စတင်တည်ဆောက်လျက်ရှိသည်။    အဆိုပါ တက္ကသိုလ်ကို နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အောင်သီရိကျေးရွာအုပ်စု (ဗုဒ္ဓဂယာသတ္တ သတ္တာဟအနီး) မြေဧက ၂၉ ဧကနေရာတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်သည်။ တက္ကသိုလ်တည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာကို မှန်မှန်ကန်ကန်၊ သိနားလည်လွယ် စေရန် အကျိုးဖြစ်ထွန်းစေလျက် အမှန်တရားကို ရှာဖွေဖော်ထုတ်ရန်နှင့် ဓမ္မကိုပြန့်ပွားအောင် ဖြန့်ဝေဆောင်ရွက် နိုင်ကြရန်ဖြစ် ကြောင်းသိရှိရသည်။

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိ တက္ကသိုလ်၌လက်ရှိတွင် Online မှသင်တန်းသား ၃၀၀ ကျော်ကိုသင်ကြားပို့ချလျက်ရှိပြီး   နိကာယဝေဒဂူ ဒီပလိုမာနှင့်မဟာဘွဲ့ (MA) များပေးအပ်လျက်ရှိသည်။ တက္ကသိုလ်တည်ဆောက်ပြီးစီးပါက  နိုင်ငံတကာနှင့် ပြည်တွင်းမှ  သင်တန်းသား ၅၀၀ ခန့်ကို သင်ကြား ပို့ချပေးနိုင်မည်ဖြစ်ပြီး ဒေါက်တာဘွဲ့ (Ph.D) များ ပေးအပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရတာဝန်ထမ်းဆောင်ချိန် ၂ နှစ်တာကာလအတွင်း နိုင်ငံကောင်းရာ ကောင်းကျိုးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်အောင်မြင်မှုများနှင့်အတူ ဗုဒ္ဓဘာသာသာသနာ ပြန့်ပွားရေးဆောင်ရွက် ချက်များမှာလည်း တိုင်းပြည်အေးချမ်းသာယာမှုကို ဖြစ်ပေါ်စေကြောင်း ရေးသားလိုက်ရပေသည်။   ။