ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသားများအား တပ်မတော်မှ ပြန်လည်ခေါ်ဆောင်

ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသားများအား တပ်မတော်မှ ပြန်လည်ခေါ်ဆောင်

နေပြည်တော်၊ ဖေဖော်ဝါရီ -

       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင် ရောက်ရှိ နေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိသော မြန်မာ နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၇၉ ဦးအား ထိုင်းနိုင်ငံ တာဝန်ရှိ သူများထံမှ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့ အကောက်ခွန်တံတားတွင် စနစ်တကျသွားရောက် လွှဲပြောင်းလက်ခံ၍ ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရာ ကော့သောင်းမြို့၊ ရွှေဝက်ဝံဆိပ်ခံ တံတားသို့ ယနေ့နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။

     အဆိုပါ ရောက်ရှိလာသော နေရပ်ပြန်မြန်မာနိုင်ငံသားများကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးရင်ထွေး၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ နေရပ်ပြန်မြန်မာနိုင်ငံသား များ၏ မိသားစုဝင်များက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး အစားအသောက်နှင့် အဝတ် အထည်များ ထောက်ပံ့ပေးအပ်သည်။

      အမိမြန်မာပြည်သို့ ပြန်လည် ခေါ်ဆောင်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အား မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်းများမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ်ယူ စစ်ဆေးပေးခြင်း၊ နယ်မြေခံတပ်မတော် ဆေးကုသရေးအဖွဲ့များက လိုအပ်သော ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီးနောက် နေ့လည်စာဖြင့် ဧည့်ခံ ကျွေးမွေးသည်။

    ကော့သောင်းမြို့၌ ရောက်ရှိနေသော နေရပ်ပြန် မြန်မာနိုင်ငံသား ၆၇၉ ဦးအနက် တနင်္သာရီတိုင်းဒေသကြီးမှ ၃၉၇ ဦးအား ကော့သောင်းမြို့မှတစ်ဆင့် မိသားစုများရှိရာ မြို့နယ်များသို့ မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ရန်ကုန်နှင့်အခြားမြို့ကြီးများမှ နေရပ်ပြန် ၁၇၁ ဦးအား ရန်ကုန်မြို့သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်ပြန် ၁၁၁ ဦးအား စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ များသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့် လည်းကောင်း မိသားစုများနှင့် အမြန်ပြန်လည် တွေ့ဆုံနိုင်စေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပေးခြင်းတို့ကို စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများက ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

     ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မိမိတို့နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှလည်း အလုပ်အကိုင် ရရှိရေးအတွက် လိုအပ်သည်များ စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    အဆိုပါ ထိုင်းနိုင်ငံရောက် နေရပ်ပြန် မြန်မာနိုင်ငံသားများနှင့်  သွားရောက်ခေါ်ဆောင်ခဲ့သည့် တာဝန်ရှိသူများ၏  အမိမြန်မာပြည်သို့ ဝမ်းပန်းတသာ ပြန်လည်ရောက်ရှိခဲ့မှုအပေါ် ဝမ်းသာပီတိစကားသံများကိုလည်း   ယခုကဲ့သို့ကြားသိခဲ့ရပါတယ်။

ဒုတိယဗိုလ်မှူးကြီးကိုကိုလတ် (တနင်္သာရီရေတပ်စခန်းဌာနချုပ်)

    အခုခရီးစဉ်ကတော့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ၊ ကိုယ့် နိုင်ငံပြန်ဖို့ အခက်အခဲရှိတဲ့ နိုင်ငံသားတွေ ကိုပြန်ခေါ်ဖို့  ထိုင်းနိုင်ငံ  ရနောင်းမြို့က ဆိပ်ကမ်းမှာ သွားရောက် ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း မြန်မာနိုင်ငံသား ၆၇၉ ဦးကို သွားရောက်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထူး ဦးဆောင်ပြီးတော့ ခရိုင်လဝကအဖွဲ့နဲ့    ကျန်တဲ့ရုံးအဖွဲ့ တွေပါဝင်ပြီးတော့ စနစ်တကျလွှဲပြောင်း လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ တပ်မတော် (ရေ)ရဲ့   လုပ်ငန်းတာဝန်(၄)ရပ်ထဲမှာ လူသားချင်း စာနာထောက်ထားခြင်း လုပ်ငန်းကလည်း တစ်ခုအပါအဝင်ဖြစ်တဲ့ အတွက် ကိုယ့်နိုင်ငံသားတွေကို တခြားနိုင်ငံကနေဒုက္ခ ရောက်နေချိန်မှာ ပြန်လည်ခေါ်ယူနိုင်ခဲ့တာကလည်း တပ်မတော်(ရေ)ရဲ့ ရည်မှန်းချက် တာဝန်တစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တာမို့  ဝမ်းသာဂုဏ်ယူမိပါတယ်။

ပြန်လည်ခေါ်ဆောင်လာတဲ့ နေရပ်ပြန် ပြည်သူပြည်သားတွေကိုတော့ ကော့သောင်း ရောက်ရင် နွေးထွေးစွာကြိုဆို လက်ခံပြီးတော့ ဆေးစစ်တာတွေဆောင်ရွက်ပေးမယ်။ နေရပ်ပြန်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ပေးထားတာရှိပါတယ်။ ဒီမှာ လည်း ဆက်လက်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိအောင် ညှိနှိုင်းဆောင် ရွက်မှုတွေ  ဆောင်ရွက်ထားပေးတာ ရှိပါတယ်။

ဦးကိုကိုနိုင်(ဒုတိယညွှန်ကြားရေးမှူး) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန

    ယခုမြင်တွေ့နေရတဲ့   အခမ်းအနား ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ တစ်ဖက်နိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့်  ရောက်ရှိသွားပြီး တစ်ဖက်နိုင်ငံ မှာ  ပြစ်မှုနဲ့  ပြစ်ဒဏ်အမျိုးမျိုး ကျခံခဲ့ရပါတယ်။  ပြစ်ဒဏ်ကျခံပြီး   ပြန်လည်စေလွှတ်တဲ့အချိန်မှာလည်း  နှောင့်နှေးကြန့်ကြာမှုလေးတွေ ရှိနေတဲ့အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲက     အမြန်ဆုံး ပြန်လည်ခေါ်ယူဖို့အတွက်       လမ်းညွှန် မှာကြားခဲ့ပါတယ်။ ဒီလိုလမ်းညွှန်မှာကြား မှုနဲ့အတူ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ ဌာနဆိုင်ရာ အင်အားပေါင်း မြောက်မြားစွာ နဲ့ ပြန်လည်လက်ခံ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံသား တွေကို ဥပဒေ အချက်အလက်တွေနဲ့ ခိုင်လုံ စွာပြန်လည်လက်ခံ ဆောင်ရွက်လျက်ရှိ ပါတယ်။

နေရပ်ပြန်ပြည်သူတစ်ဦး

    အခုလိုကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကို ပြန်လည်ခေါ်ဆောင်ပေးတဲ့ အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်သားတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ကတော့ ကိုယ့်မြန်မာပြည်ကို ပြန်ရောက်ပြီဆိုတော့ သူများနိုင်ငံကို ထပ် သွားဖို့အစီအစဉ်မရှိတော့ပါဘူး။ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ ကောင်းကောင်းမွန်မွန် လုပ်ကိုင် စားသောက်ချင်ပါတယ်။ သူများ နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကြမယ် ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့ Passport, Visa အခိုင်အမာနဲ့ သွားပါလို့ ကျွန်တော်အနူးအညွတ် ပြောကြား လိုပါတယ်။

နေရပ်ပြန်ပြည်သူတစ်ဦး

    စီးပွားရေးကအဆင်မပြေတော့ ထိုင်းကို သွားတယ်။ ထိုင်းကိုသွားတော့ တစ်ခါတည်း မိပါတယ်။ ကျွန်တော်တို့ ခြောက်လနေခဲ့ ရပါတယ်။ အချုပ်ထဲမှာနေတော့ အစား လည်းမဝ၊ ရေချိုးရတာလည်းမဝ၊ ဆေးဝါး ကလည်းမပြည့်စုံဘူး။ ကျွန်တော်တို့မြန်မာ ပြည်ကိုပြန်လာချင်လို့ အကြာကြီး မျှော်လင့် ခဲ့ရတယ်။ အခုချိန်မှာပြန်လာရတော့ ဝမ်းသာပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။

နေရပ်ပြန်ပြည်သူတစ်ဦး

    အဲ့မှာနေရတာ သိပ်အဆင်မပြေဘူး။ သူတို့ထားတဲ့  ပုံစံတွေက   ခန္ဓာကိုယ်တွေမှာ ယားနာတွေ တအားပေါက်တယ်။ ဆေးဝါးတွေလည်း  မရဘူး။ ပေးလည်း မပေးဘူး။ စားစရာတွေလည်း အများကြီးမကျွေးဘူး။ မှာချင်တာမှာလို့မရဘူး။  ရောဂါတွေဖြစ်၊ ခန္ဓာကိုယ်တွေမှာ ယားနာတွေပေါက်တာ။ ထမင်းစားရတာ၊ အစားအသောက်တွေကလည်းမဝဘူးလေ။ နည်းနည်းလေးပဲကျွေးတယ်။  အခုလိုမျိုး  မြန်မာပြည်ကိုပြန်လာလို့ ရအောင်      စီစဉ်ပေးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုလောလောဆယ်တော့ ကိုယ့်ရခိုင်ပြည်နယ်ကိုပဲ ပြန်ပြီးတော့ ကိုယ့်မိသားစုနဲ့ပဲ အတူနေပြီး စည်းစည်းလုံးလုံးနဲ့  ပြန်ပြီးလုပ်ကိုင် စားသောက်တော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။

နေရပ်ပြန်ပြည်သူတစ်ဦး

    ကျွန်မကတော့ ကျန်းမာရေး ကောင်းပါတယ်။ အနေအစားကတော့ ခက်ခဲတာ ပေါ့နော်။ ကျန်းမာရေး မကောင်းတဲ့သူတွေ အများကြီးပေါ့။ အစားစားရတာရော ဆေးဝါးကအစ   ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သုံးရတာပေါ့။ နေရတာတော့ အဆင် မပြေပါဘူးရှင်။  အခုလိုလာခေါ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရမ်းကျေးဇူးတင်ပါတယ်။ ပီတိဝမ်းသာလည်းဖြစ် ရပါတယ်ရှင်။ ဒီထက်မက အသက်ရာကျော်ရှည်ပါစေရှင်။

နေရပ်ပြန်ပြည်သူတစ်ဦး

    ကျွန်မဟိုမှာဖမ်းမိခဲ့တဲ့အချိန်မှာ အရမ်းကို ခက်ခဲဆင်းရဲခဲ့တယ်။ စားချင်တိုင်းလည်း မစားရဘူး။ အစားအသောက်လည်းအရမ်း ဆင်းရဲတယ်။ အနေအထိုင်လည်း ဆင်းရဲတယ်။ အစားအသောက်လည်း လုံးဝအဆင်မပြေဘူး။  ပို့တော့လည်း  တချို့ တစ်ဝက်ပဲရောက်တယ်။ ဝယ်စားတော့လည်း၂ /၃ ဆပေးရတယ်။ ကျွန်မတို့အရမ်း ခက်ခဲပြီးနေခဲ့ရတယ်။ ဘယ်အချိန်ဘယ်နေ့ ပို့မယ်ဆိုတာလည်း မသိဘူး။ မသိဘူးဘဲဖြေနေတော့ ကျွန်မတို့တွေအရမ်းခက်ခဲရ ပါတယ်။ လမ်းတွေပျောက်နေခဲ့တဲ့ နေ့တွေ  အများကြီးပဲ။ ၂၈ ရက်နေ့မှာ ပြန်ခေါ်မယ်လို့ သတင်းကြားရတော့ တစ်ဖွဲ့လုံး အရမ်း ဝမ်းသာခဲ့ရပါတယ်။ ခုလိုပြန်ခေါ်တဲ့နေရာမှာလည်း စစ်သင်္ဘောတွေနဲ့ အဆင်ပြေပြေ ချောချောမွေ့မွေ့ နွေးနွေးထွေးထွေးနဲ့ ကြိုကြိုဆိုဆိုနဲ့ ရှိခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ မိသားစုတွေနဲ့လည်း ပြန်တွေ့ရတော့မယ်။ ကျွန်မတို့ကို ကိုယ်ချင်းစာ စိတ်အပြည့်နဲ့  အမြန်ဆုံးခေါ်ဆောင် ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အားလုံးကိုယ်စား ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကပင်  မလေးရှားနိုင်ငံမှ ၁၀၈၆ ဦးနှင့် မတ်လအတွင်း အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယား (Port Blair)မှ ၇၀ ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် (၂)ကြိမ် သွားရောက်ခေါ်ဆောင်၍ မိဘများထံ ကောင်းမွန်စွာ စနစ်တကျ အပ်နှံပေးခဲ့ပြီး  အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင်လည်း ဖော်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။