မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ -

       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်းတောက်ပလျက် ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတု တော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက် ပူဇော်လျက်ရှိသည်။

     အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူ ပူဇော်နိုင်ခဲ့သည်။

      ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာန များတွင် ထပ်မံထည့်သွင်း လှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန် ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန် အတွက် နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်ထားလျက်ရှိရာ (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ဝမ်းပန်းတသာ ဆက်သွယ်၍ ဌာပနာ ကုသိုလ်များကို ထည့်ဝင်လှူဒါန်းလျက်ရှိကြပြီး ယနေ့တွင်  နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေသို့ ရွှေထည် ၁၀ ကျပ်သား ၁၅ ပဲ ၅ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၇ ကျပ်သား ၂ ပဲ ၃ ရွေး၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ဓာတ်တော်မွေတော် ၉ ဆူ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရွှေထည် ၂၉ ကျပ်သား ၁၅ ပဲ၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၂၇ ကျပ် ၁ ပဲ ၁ ရွေး၊ ပုလဲ၊ ပလက်တီနမ် နှင့် ကျောက်မျိုးစုံ၊ ငွေနှင့် ငွေထည်ပစ္စည်းများ၊ ဘွဲ့တံဆိပ်များ၊ အလှူငွေကျပ် ၁၀၃၀၀၀၀ နှင့် မန္တလေးတိုင်းဒေသကြီး၌ ရွှေထည် ၂၇ ကျပ်သား ၉ ပဲ ၅ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၁ ကျပ်သား ၁ ပဲ ၁ ရွေး၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ အလှူငွေကျပ် ၁၇၄၅၀၀၀ တို့ကို   လာရောက် လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ရွှေထည် ၂၈ ကျပ် ၁ ပဲ၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၅၇ ကျပ်သား ၈ ပဲ ၄ ရွေး၊ ပတ္တမြား၊ နီလာ၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ဓာတ်တော် မွေတော်များနှင့် ဆင်းတုတော်များ၊ အလှူငွေကျပ် ၁၂၂၄၂၂၀၀၀ တို့ကို ဌာပနာသွင်း လှူပူဇော်ရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

     (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ  အနေဖြင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟို ဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော်လိုပါက နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူများထံသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင် ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါသည်။