ဗြိတိန်နိုင်ငံ၌ စားသောက်ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်

ဗြိတိန်နိုင်ငံ၌ စားသောက်ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်

ဇန်နဝါရီလ၏ သီတင်းပတ်လေးပတ်တာကာလအတွင်း ဗြိတိန်နိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းများ  အဆမတန်မြင့်တက်လာကြောင်း သိရသည်။

အထူးသဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော နွားနို့၊ ထောပတ်၊ ဒိန်ခဲ၊ ဥများနှင့် ခွေးစာများ၏ ဈေးနှုန်းများ  အလွန်မြင့်မားလာကြောင်း ဈေးကွက်သုတေသနဌာန တစ်ခုဖြစ်သည့် ကန်တာက ထုတ်ပြန် ထားသည်။

အဆိုပါကာလအတွင်း စားသောက်ကုန်ဈေးနှုန်းသည် ၁၆ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း၊  ထိုပမာဏသည် ဈေးကွက်သုတေသနဌာနက  စစ်တမ်းများ စတင်ကောက်ယူသည့် ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းထားဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင်   ယခုကဲ့သို့ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့်  သာမန်အိမ်ထောင်စုများအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း  စားသောက်ကုန်များအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ ခန့်ကို   ပိုမိုသုံးစွဲရမည် ဖြစ်သောကြောင့် ကုန်ကျစရိတ်ကို ချွေတာနိုင်စေရန် ဈေးဝယ်သည့်ပုံစံကို  ပြောင်းလဲရတော့မည်ဖြစ်ကြောင်း   သုတေသနထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက စားသောက်ကုန် ဈေးနှုန်းမြင့်တက်မှုဟာ အနည်းငယ်မျှသာ မြင့်တက်ခဲ့တာပါ။  ဒါပေမဲ့ အဲဒီအနည်းငယ်မျှသောပမာဏဟာ  မိသားစုများအတွက် ခဏတာမျှသာဖြစ်ခဲ့ပါတယ်ဟုဈေးကွက်သုတေသနဌာနမှ ဖရေဆာမက်ကီဗစ်က ပြောသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုသည် ၁၄ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ယခုမူ ၂ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုမြင့်မားလာခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံ၌   ငွေကြေးဖောင်းပွမှုများကြောင့် နေထိုင်မှုစရိတ်များကြီးမြင့်လာစဉ် ယခုကဲ့သို့  စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နှစ်ပေါင်း ၄၀ ကျော်အတွင်း    အမြင့်ဆုံးရောက်ရှိခဲ့သည့် အဘက်ဘက်မှ ငွေကြေးဖောင်းပွမှုသည် အနည်းငယ်ကျဆင်းစပြုနေပြီဖြစ်သော်လည်း  စားသောက်ကုန်ဈေးနှုန်းများမှာမူ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။                    

Ref: Sputnik