ရုရှားက New START သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထား

ရုရှားက New START သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထား

ရုရှားနိုင်ငံအနေဖြင့်   အမေရိကန်နိုင်ငံနှင့် ရရှိထားသည့် New START သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားကြောင်းနှင့် ထိုသဘောတူညီချက်ပါအချက်များကို လိုက်နာသွားရန်လည်းစီစဉ်ထားကြောင်း  အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်နာတိုလီအန်တိုနော့က ပြောသည်။

အမေရိကန်နိုင်ငံက   ရုရှားနိုင်ငံနှင့်ရရှိထားသည့် မဟာဗျူဟာမြောက်လက်နက် လျှော့ချရေး သဘောတူ စာချုပ်အသစ် (New START)ကို  အပြည့်အဝ လိုက်နာရေးအတွက် အပြုသဘောဆောင်စွာ ဆောင်ရွက်ရန်အသင့်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကွန်ဂရက်သို့ တင်ပြချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရုရှားနိုင်ငံသည် New START သဘောတူညီချက်ကို  အပြည့်အဝလိုက်နာရေးအတွက်   လမ်းကြောင်းမှန်ပေါ်တွင် အသင့်ရှိနေပြီဖြစ်ကြောင်း     အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဆက်လက်ဖော်ပြထားသည်။

New START နဲ့ပတ်သက်လို့ အခြေအနေအရပ်ရပ်က အနောက်အုပ်စုအနေနဲ့ ရုရှားနိုင်ငံအပေါ်ဆင်နွှဲနေတဲ့ ပုံစံစုံ စစ်ပွဲရဲ့ တိုက်ရိုက်ရလဒ်ဖြစ်တယ်လို့ ကျွန်တော်တို့က အမေရိကန်ကို အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ လက်နက်ထိန်းချုပ်ရေးက ပထဝီနိုင်ငံရေးရဲ့ ပကတိအခြေအနေတွေကနေ ခွဲထွက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း  သတိပေးခဲ့ပြီးပါပြီ။ လက်ရှိအခြေအနေတွေကိုကြည့်ရင်လည်း ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံတွေကို စစ်ဆေးဖို့အတွက် အမေရိကန်တပ်မတော်ကိုဖိတ်ခေါ်ဖို့ဆိုတာ အချိန်အခါကောင်းမဟုတ်ပါဘူးဟု သံအမတ်ကြီးက ဆက်ပြောသည်။

ထို့အတူ အမေရိကန်က မဟာဗျူဟာ မြောက်ဆိုသော စကားလုံးအသုံးအနှုန်းဖြင့် ရုရှားကိုအနိုင်ယူရန် ကြိုးစားသည့် မူဝါဒကို ပြန်လည်မသုံးသပ်သရွေ့ လက်နက်ထိန်းချုပ်ရေးတွင် မည်သည့်တိုးတက်မှုမျှ ရှိလာနိုင်မည် မဟုတ်ကြောင်း သံအမတ်ကြီး အန်နာတိုလီအန်တိုနော့ကပြောထားသည်။

အဆိုပါ  New START သဘောတူစာချုပ်ကို   အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် ရုရှားသမ္မတဟောင်း မက်ဗီဒက်တို့က ၂၀၁၀ ပြည့်နှစ် ဧပြီ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                          

Ref:Yonhap