သြဝါဒပါတိမောက်အခါတော်နေ့

သြဝါဒပါတိမောက်အခါတော်နေ့

တပို့တွဲလအချိန်အခါသည် ဆောင်းလည်းမပီ နွေလည်းမမည်သောကာလဖြစ်သည်။ တဖွဲဖွဲကျဆင်းနေသော ငွေနှင်းမှုန်လေးများ ပြယ်စပြုလာကာ ကောင်းကင်တစ်ခွင်လုံး ဝင်းပကြည်လင်လျက်ရှိသည်။ တပို့တွဲလသည် ကောက်ဦးပေါ်ချိန်ဖြစ်၍ လဆန်းအချိန်မှလပြည့်နေ့တိုင်အောင် နိုင်ငံအနှံ့အပြားတွင် ထမနဲထိုးပွဲများကို ကျင်းပလေ့ရှိကြသည်။ နှမ်းဆီနှင့်နှမ်းနိုင်နိုင်ထည့်ရသည်ကိုအကြောင်းပြု၍ နှမ်းမနဲဟူ၍လည်းအမည်တွင် သေးသည်။ တချို့ဒေသတွင် ယာဂုဟုခေါ်ကြသည်။ အများမတူသပ၊ သာဓုပွဲမဟာကို၊ ယာဂုထမနဲထိုးချိန်အခါကျမှ ပျော်စရာကောင်းလှကြောင်း ရှေးစာဆိုများက ဖွဲ့ဆိုကြသည်။

ယနေ့ခေတ်ကာလတွင် တပို့တွဲလဟု ဆိုလိုက်သည်နှင့် ထမနဲဟူသောဝေါဟာရနှင့်ဆက်စပ်သိမြင်ကြသည်။ ထမနဲသည် တပို့တွဲလနှင့်လိုက်ဖက်သောစားဖွယ်ဖြစ်သည်။ တပို့တွဲလတွင်ထမနဲပွဲများကို ပျော်ပျော်ပါးပါး ကျင်းပသည့်အစဉ်အလာရှိပါသည်။  ဒယ်အိုးကြီးများတွင်ကောက်ညှင်း၊ မြေပဲ၊ ဆီစသည်ဖြင့် ထမနဲ အတွက် လိုအပ်သောပစ္စည်းများကို အချိုးကျထည့်ကာ  အားကောင်းမောင်းသန်ယောက်ျားကြီးများက ခါးတောင်းကျိုက် ကျားကျားဖြင့် အားသွန်ခွန်စိုက် ယောက်မကြီးများဖြင့်မွှေကာ ထမနဲထိုးကြသည့်မြင်ကွင်းသည် ရိုးရာထမနဲပွဲ၏ မြင်ကွင်းသရုပ်ဖြစ်သည်။ ကျောင်းများ၊ ရုံးများ၊ အသင်းအဖွဲ့များတွင် ထမနဲထိုးပြိုင်ပွဲများကို တပျော်တပါးကျင်းပသည်။ အကဲဖြတ်ဒိုင်များဖြင့်အမှတ်ပေးကာ ဆုရွေးချယ်ချီးမြှင့်ပေးသည့်အတွက် အလွန်ပျော်စရာ ကောင်းလှသည်။ ထမနဲများကိုဘုရားအားကပ်လှူခြင်း၊  အများပရိသတ်အား ဝေငှခြင်းတို့သည်ကား ကုသိုလ်ပွားများခြင်းဖြစ်သည်။

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် တပို့တွဲလပြည့်နေ့ကို သြဝါဒပါတိမောက်အခါတော်နေ့အဖြစ် သိမှတ်ကြသည်။ ထိုနေ့အကြောင်းကိုမှတ်တမ်းပြုရမည်ဆိုပါလျှင် ဗုဒ္ဓဘုရားရှင်ပွင့်တော်မူပြီးနောက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် မဇ္ဈိမဒေသ၊ မဂဓတိုင်း ရာဇဂြိုဟ်မြို့၊ ဝေဠုဝန် ကျောင်းတော်ကြီး၌ ပထမဆုံးအကြိမ်သံဃာ့ အစည်းအဝေးကြီး ကျင်းပပါသည်။ အဆိုပါအစည်းအဝေးကြီးသည် ဆီးနှင်းမြူတိမ်အသူရိန် မီးခိုးအညစ်အကြေးငါးမျိုးကင်းစင်ကာ သန့်ရှင်းကြည်လင်သည့် လပြည့်နေ့ဖြစ်ခြင်း၊ ကိလေသာအညစ် အကြေးကင်းစင်သည့်ရဟန္တာကြီး ၁၂၅၀ ကိုမဖိတ်မကြားဘဲစုဝေးမိခြင်း၊ အားလုံးသော ရဟန္တာများမှာ ဧဟိဘိက္ခုချည်းသာဖြစ်တော်မူခြင်း၊ အားလုံးသော ရဟန္တာကြီးများမှာ အဘိညာဉ်ခြောက်ပါးရတော်မူကြသည့် ဆဠဘိညရဟန္တာကြီးများဖြစ်ခြင်း ဟူသောအင်္ဂါလေးပါးနှင့် ပြည့်စုံသော အစည်းအဝေးကြီးဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ပထမအဂ္ဂသာဝက အဖြစ်လည်းကောင်း၊ အရှင်မောဂ္ဂလန်မထေရ်မြတ်ကို ဒုတိယအဂ္ဂသာဝက အဖြစ်လည်းကောင်း ချီးမြှင့်အပ်နှင်းတော်မူကာ ဘုရားရှင်တိုင်းပြုမြဲဖြစ်သည့် တပည့်သားသံဃာတော်တို့အား သြဝါဒပေးတော်မူပါသည်။ ဘုရားရှင်အဆူဆူ တို့၏ အဆုံးအမဖြစ်သောသြဝါဒပါတိမောက်သည် ပိဋကတ်သုံးပုံ၏အနှစ်ချုပ်လည်းဖြစ်ပါသည်။ သီလ၊ သမာဓိ၊ ပညာတို့ကိုဟောကြားထားပြီး လိုက်နာကျင့်သုံးသူများမှာ ကိုယ်နှုတ်နှလုံးသုံးပါးလုံးယဉ်ကျေးလိမ္မာပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကင်းရာမြတ်နိဗ္ဗာန်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။

မြတ်စွာဘုရားရှင်သည် သြဝါဒပါတိမောက်ကို ဂါထာသုံးဂါထာဖြင့်ဟောကြားတော်မူပါသည်။ ပထမဂါထာမှာ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။ န ဟိ ပဗ္ဗဇိတော ပရူပ ဃာတိ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။ သည်းခံမှု ခန္တီတရားသည် မြတ်သောအကျင့်တည်း။ နိဗ္ဗာန်ကိုအလွန်မြတ်၏ဟု ဘုရားရှင်တို့ဟောတော်မူကုန်၏။ ရဟန်းဟူသည်သူတစ်ပါးကိုမညှဉ်းဆဲ၊ သူတစ်ပါးကို ညှဉ်းဆဲသော် ရဟန်းမဟုတ်ဟူ၍ ဖြစ်သည်။ ဒုတိယဂါထာမှာ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္မဒါ။ သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓနသာသနံ။ မကောင်းမှုဟူသမျှကိုမပြုရာ။ ကုသိုလ်နှင့်ပြည့်စုံစေရာ၏။ မိမိစိတ်ကို ဖြူစင်စေရာ၏။ ဤသည်တို့ကား ဘုရားရှင်တို့၏အဆုံးအမတော်တည်းဟူ၍ဖြစ်သည်။ တတိယဂါထာမှာ အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခ စ သံဝရော။ မတ္တညုတာ စ သတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။ အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။ သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွဲ မညှဉ်းဆဲရာ။ ပါတိမောက် သံဝရသီလကို စောင့်ရှောက်ရာ၏။ စားဖွယ်၌ အတိုင်းအရှည်ကိုသိရာ၏။ ဆိတ်ငြိမ်သောကျောင်းအိမ်ရာ နေရာသို့ကပ်ရောက်နေထိုင်၍ ထူးမြတ်သောစိတ်၌လွန်စွာအားထုတ်ရာ၏။ ဤသည်ကားဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

နှစ်ထောင့်ငါးရာသော သံဃာတော်အရှင်မြတ်များသည် မြတ်ဘုရားဆီသို့ဦးညွှတ်၍ နားစိုက်တော်မူကြပါသည်။ မြတ်ဘုရားကိုယ်တော်မှ ခြောက်သွယ်သောရောင်ခြည်တော်တို့သည် တောတောင်ရေမြေ၊ နေ၊ လနက္ခတ်တာရာတို့ကို လွှမ်းမိုးကာရှိနေလေသည်။ ခြောက်မျိုးသောရောင်ခြည်တော်များသည် စကြဝဠာအနှံ့ပြန့်ပွားပြေးသွားလေဘိသကဲ့သို့ မြတ်ဘုရားရှင်ဟော>မက်သည့် သြဝါဒပါတိမောက်ဒေသနာကို အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောအသံတော်ဖြင့် အကနိဋ္ဌဗြဟ္မာပြည်သို့တိုင်အောင်လျှံ၍ညံ၍ရှိလေသည်။ ဤသည်မှာ ကြည်ညိုဖွယ် မဆုံးနိုင်သော တပို့တွဲလပြည့် သြဝါဒပါတိမောက်အခါတော်နေ့ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။