တိုင်းပြည်ပိုမို အေးချမ်းသာယာတော့မည်

တိုင်းပြည်ပိုမို အေးချမ်းသာယာတော့မည်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ဆောက် ပူဇော်လျက်ရှိသည်။

ထိုသို့တည်ဆောက်ပူဇော်လျက်ရှိရာတွင် သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသောစာပေ ကျမ်းဂန်များနှင့် အညီတည်ဆောက် ပူဇော်ခြင်းဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟို ဌာနတွင် ဌာပနာတော်သွင်းလှူ ပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်ကပြုလုပ်ခဲ့သည်။ ထို့ပြင် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်း ပူဇော်မည်ဖြစ်၍ လှူဒါန်းလိုသူ များအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်အထိ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လွယ်ကူစွာဆက်သွယ် လှူဒါန်းနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဒေသများရှိ တာဝန်ရှိသူများ အမည်နှင့်ဖုန်းနံပါတ်များကို ဖော်ပြပေးထားသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် လာရောက် လှူဒါန်းမှု သတင်းများမှာ  အားရကြည်နူးဖွယ် ကောင်းလှသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ စေတနာ သဒ္ဓါတရား ထက်သန်မှုမှာ အံ့ဖွယ်ကောင်းလှသည်။ ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ကြသည့်အတိုင်း ကောင်းမှုကုသိုလ် ပြုနေခြင်းဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏  ဆင်းတုတော်အပိုင်း(၁၊၂၊၃)တို့ကို   တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန်အတွက် ကနဦး လုပ်ငန်းဖြစ်သည့် ပင့်ထောင်ခြင်း လုပ်ငန်းများကို သံမဏိမျှော်စင်ဝန်ချီစက် အသုံးပြု၍ ဇန်နဝါရီ ၂၆ ရက် နံနက် ၈ နာရီ ၁၀ မိနစ်မှ စတင်ပင့်ထောင်ခဲ့သည်။ ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီတွင် ၉၀ ဒီဂရီအထိ အမြင့်အားဖြင့် ၇၅ ဒသမ ၅ ပေအထိ ပင့်ထောင်ပူဇော်ခဲ့ပြီး ဆင်းတုတော် အစိတ်အပိုင်းကြီးအား ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြာမြင့်ချိန်အားဖြင့် ၇၂ နာရီ မိနစ် ၅၀ ကြာမြင့်ခဲ့သည်။

အထက်ပါ ပင့်ထောင်ပြီးစီးသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ရေး လုပ်ငန်းများကို ဇန်နဝါရီ ၂၉ ရက် ည ၁၁ နာရီ ၁၆ မိနစ် ခန့်တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီ ၁၇ မိနစ်ခန့်တွင် ရတနာပလ္လင်တော်အနီး နေရာအထိ ပင့်ဆောင်နိုင်ခဲ့ပြီး စုစုပေါင်းပင့်ဆောင်ခဲ့သည့် အကွာအဝေးမှာ ၈၁ ပေဖြစ်ကာ ကြာမြင့်ချိန် မှာ ၁၁ နာရီ ၁ မိနစ်ခန့်ကြာမြင့်ခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏    ထုဆစ်ပြီးစီးသည့် ဆင်းတုတော် အစိတ်အပိုင်းများကို တွဲဆက်ပြီးနောက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ဝန်ချီစက် ရှစ်လုံးပါ သံမဏိမျှော်စင် တည်ဆောက်ခြင်း၊ ဆင်းတုတော် ပင့်ဆောင်ရာတွင် ထုဆစ်ပြီးကျောက်သားများ ထိခိုက်မှုမရှိစေရန် သံမဏိပန်းတောင်းများ တည်ဆောက်ခြင်းတို့ကို အချိန်အားဖြင့် ခုနစ်လကြာပြီး သံထည်ပစ္စည်း တန်ချိန်အားဖြင့် တန် ၃၈၀၀ အသုံးပြု၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်းကာ တပ်မတော်သား အင်ဂျင်နီယာများက တည်ဆောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကြီးမားလေးလံသည့် ပစ္စည်းကို မတင်ရွှေ့ပြောင်းဖူးသည့် နည်းပညာ၊ အတွေ့အကြုံနှင့် စက်ယန္တရားများ အသုံးမပြုခဲ့ဘူးသော်လည်း ယခုမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာလုပ်ငန်း အင်ဂျင်နီယာအသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲ တွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်းပညာများကို အသုံးပြုတွက်ချက်၍ အောင်မြင်စွာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁၊၂၊၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးနှင့် ဆင်းတုတော် ထည့်သွင်းထားသည့် သံမဏိရတနာပန်းတောင်းတော်တို့၏ အလေးချိန် ၂၃၆၇ ဒသမ ၅ တန်တို့အား သံမဏိမျှော်စင်တွင် ဝန်ချီစက်ရှစ်လုံးတို့ဖြင့် ပင့်ဆောင်၍ ဆင်းတုတော် အစိတ်အပိုင်းကြီးအား   ရတနာပလ္လင်တော်ထက်သို့  အောင်မြင်စွာ  ပင့်ဆောင်နေရာ ချထားနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့်   အများပြည်သူများ စိတ်နှလုံးအေးချမ်းစွာ လာရောက်ဖူးမြော်နိုင်စေရန် တရားဘာဝနာများအေးချမ်းစွာပွားများ အားထုတ်နိုင်စေရေးနှင့် မြတ်ဗုဒ္ဓ၏ နှုတ်ကပါဌ်တော် ပိဋကတ်သုံးပုံတို့အား လေ့လာဖူးမြော်ကြည်ညိုနိုင်စေရေးတို့ အတွက် တည်ဆောက်ပူဇော်နေခြင်းမှာ တိုင်းပြည်အေးချမ်းသာယာမှု ပိုမိုကောင်းမွန်တော့မည့် ထူးခြားသော စွမ်းဆောင်ချက်များဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။    ။