ကျောင်းကုန်းမြို့နယ်၌ စီးပွားဖြစ်စိုက်ပျိုးသည့် ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိနေ

ကျောင်းကုန်းမြို့နယ်၌ စီးပွားဖြစ်စိုက်ပျိုးသည့် ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိနေ

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၌ ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြရာ ငရုတ်သီးစိမ်းပေါ်ချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်းရရှိနေကြောင်း  ကျောင်းကုန်းမြို့နယ်ရှိ ငရုတ်သီးမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးဝင်း၏ ပြောပြချက်အရ သိရသည်။

ကျောင်းကုန်းမြို့နယ်၌  ဇန်နဝါရီလတွင်   ငရုတ်သီးစိမ်းများ   စတင်ထွက်ပေါ်ကာ  ၂၀၂၂ ခုနှစ်   ဒီဇင်ဘာလအတွင်းက ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ငွေကျပ်၄၅၀၀ အထိသာရရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ဒုတိယပတ်မှစတင်၍ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်း ရရှိနေခြင်းဖြစ်သည်။ ထိုသို့ ငရုတ်သီးစိမ်း   ဈေးကောင်းရရှိနေခြင်းသည် ရန်ကုန်မြို့မှဝယ်လက်များက စိုက်ခင်းများအရောက်    လာရောက်ဝယ်ယူနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

‘အရင်နှစ်တွေကထက် ဒီနှစ် ငရုတ်သီးစိမ်းဈေးနှုန်း သိသိသာသာ ကောင်းလာပါတယ်။  ငရုတ်သီးစိမ်းဈေး လည်းကောင်း၊ အထွက်နှုန်းလည်း ကောင်းတယ်။ ငရုတ်စိုက်ချိန်တုန်းက ဒေသခံတောင်သူတွေက သွင်းအားစုစရိတ်တွေ မြင့်တက်နေလို့ စိုက်ပျိုးမှုနည်းခဲ့တယ်။ ဒါကြောင့် ငရုတ်အထွက်နှုန်း နည်းပြီး ဈေးကောင်း ရရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်ဘက်ကလည်း တိုက်ရိုက်လာဝယ်နေတာကြောင့် ဈေးကောင်း ရရှိနေတာပါ”ဟု ဒေါ်ဌေးဌေးဝင်း ကပြောသည်။

ကျောင်းကုန်းမြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေး လုပ်ငန်းနှင့်ယှဉ်တွဲ၍    ငရုတ်သီးစိုက်ပျိုးသည့် လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိပြီး တောင်သူတစ်ဦးလျှင် ငရုတ်တစ်ဧကမှ  ငါးဧကအထိ  စိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိတွင် ငရုတ်သီးစိမ်းဈေးကောင်းရနေခြင်းကြောင့်  တောင်သူများနှင့် ကုန်သည်၊ ပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေလျက် ရှိကြောင်း သိရသည်။