ဒဏ်ရာကြောင့် လီဗာပူးအသင်းနှင့် ကစားမည့်ပွဲစဉ်ကို ရီးယဲလ်မက်ဒရစ် အသင်းမှ ဘင်ဇီမာနှင့် မီလီတာအိုတို့ လွဲချော်ဖွယ်ရှိနေ

ဒဏ်ရာကြောင့် လီဗာပူးအသင်းနှင့် ကစားမည့်ပွဲစဉ်ကို ရီးယဲလ်မက်ဒရစ် အသင်းမှ ဘင်ဇီမာနှင့် မီလီတာအိုတို့ လွဲချော်ဖွယ်ရှိနေ

    ရီးယဲလ်မက်ဒရစ်အသင်း အဓိက ကစားသမားနှစ်ဦးဖြစ်သည့်  တိုက်စစ်ကစားသမား  ဘင်ဇီမာနှင့် ခံစစ်ကစားသမား မီလီတာအိုတို့သည် ဒဏ်ရာကြောင့် လီဗာပူးအသင်းနှင့် ကစားမည့်   ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆  သင်းရှုံးထွက်အဆင့်  ပထမအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

စပိန်လာလီဂါပွဲစဉ်အဖြစ် ကစားသည့်   ရီးယဲလ် မက်ဒရစ်အသင်းနှင့် ဗလင်စီယာအသင်းတို့ ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းက  အိမ်ကွင်း၌ ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း  အဓိက  ကစားသမား နှစ်ဦးဒဏ်ရာ ရရှိခဲ့သည့်အတွက်  လာမည့်ပွဲစဉ်များ တွင် ထိုးနှက်ချက်ဖြစ်လာဖွယ် ရှိနေသည်။

ဗလင်စီယာအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း တို့ပွဲစဉ် ပွဲချိန် ၃၆ မိနစ်တွင် မီလီတာအို အနေဖြင့် ပေါင်ခြံဒဏ်ရာ ရရှိခဲ့သည့်အတွက် ဆက်လက်ကစားနိုင်ခြင်း မရှိတော့ဘဲ  လူစားလဲ ထွက်ခွာခဲ့ရသကဲ့သို့ ပွဲချိန်    မိနစ်  ၆၀ တွင်လည်း ဘင်ဇီမာအနေဖြင့် တံကောက်ကြောဒဏ်ရာ ရရှိခဲ့၍  ဆက်လက်ကစားနိုင်ခြင်း မရှိတော့သည့်အတွက်  ရိုဒရီဂိုနှင့် လူစားလဲ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦး၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး   အသေးစိတ် မသိရှိရသေးဘဲ  အသေးစိတ်ဆေးစစ်မှုများ  ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့ တီက   “ဘင်ဇီမာရဲ့ဒဏ်ရာက  အရမ်းကြီးတော့ မပြင်းထန်ပါဘူး။ သူ့အနေနဲ့ အသေးစားဒဏ်ရာသာ ရရှိခဲ့တာပါ။ ဘယ်အချိန်ထိ အနားယူရမလဲဆိုတာတော့ မသိရသေးပါဘူး။ မီလီတာအိုရဲ့ ဒဏ်ရာကတော့ ပြင်းထန်ဖွယ်ရှိနေတယ်လို့  ဆေးအဖွဲ့က အကြောင်း ကြားလာပါတယ်။ ဘယ်အချိန်ထိ အနားယူရမလဲ ဆိုတာတော့ မသိသေးပါဘူး”ဟု ပြောသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ  ၁၆  သင်းရှုံးထွက်  ပထမအကျော့ ပွဲစဉ်အဖြစ်  လီဗာပူးအသင်းနှင့်  ရီးယဲလ်မက်ဒရစ်အသင်းတို့ ဖေဖော်ဝါရီ ၂၁ ရက်တွင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။