ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်)

ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန် မှာကြားချက်အရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား ၆၇၉ ဦးတို့အား ထိုင်းနိုင်ငံတာဝန်ရှိသူများထံမှ ဖေဖော်ဝါရီ ၂ ရက်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့သည့် သတင်းကို ရုပ်မြင်သံကြားများတွင် တွေ့မြင်လိုက်ရသည်။ လွန်စွာကြည်နူးဖွယ် ကောင်းလှသည့် သတင်းဖြစ်သည်။  အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲရှိသော မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခြင်းကို နိုင်ငံတော်နှင့်တပ်မတော်က အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁၂ နာရီ  ၅၀ မိနစ်ခန့်တွင် ကော့သောင်းမြို့ ရွှေဝက်ဝံဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိရာ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ကြသည်။ အဆိုပါ မြန်မာနိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီး နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

ကော့သောင်းသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၆၇၉ ဦးမှာ မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးတွင် နေထိုင်ကြသူများ ဖြစ်သည့်အတွက် သက်ဆိုင်ရာ နေရာဒေသများအရောက် ဆက်လက်ပို့ဆောင်ပေးလျက်ရှိသည်။ ကော့သောင်းမှရန်ကုန်သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့်လည်းကောင်း၊ ကော့သောင်းမှရခိုင်ပြည်နယ်သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ် (အနော်ရထာ)ဖြင့်လည်းကောင်း ပို့ဆောင်ပေးခဲ့သည်။ လမ်းခရီးတစ်လျှောက် လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ပေးခြင်းတို့ကို စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများက ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

စစ်ရေယာဉ်များပေါ်တွင် လိုက်ပါလာသော နေရပ်ပြန်မြန်မာနိုင်ငံသားများအား စနစ်တကျနေရာချထားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ကျွေးမွေး၍ ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်စေခြင်း၊ ရေယာဉ်ပေါ်တွင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ အနီးကပ်ဆောင်ရွက်ပေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ရုပ်ရှင်ပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကို ထာဝစဉ်ဦးထိပ်ထားလျက်ရှိသည်နှင့်အညီ တပ်မတော်(ရေ)၏ လုပ်ငန်းတာဝန် လေးရပ်တွင် လူသားချင်းစာနာထောက်ထားခြင်း လုပ်ငန်းလည်း ပါဝင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ကို စတင်ယူချိန်မှစ၍ ပြည်ပရောက် မြန်မာနိုင်ငံသားတို့ အရေးကိစ္စကို အလေးထားလုပ်ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား တပ်မတော်(ရေ)မှစစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့်စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ဖြင့်ခေါ်ယူပေးခဲ့သည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ကြသည်။ ဝေးကွာလှသော ပင်လယ်ရေကြောင်းခရီးကို ဖြတ်သန်းကာ အောင်မြင်ပြီးမြောက်စွာ ဖြတ်သန်းမောင်းနှင်ခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားရေလုပ်သား ၇၀ ကို တပ်မတော်(ရေ)မှ စစ်ရေယာဉ် (တပင်ရွှေထီး)ဖြင့် ၂၀၂၁ ခုနှစ် မတ် ၆ ရက် နံနက်ပိုင်းတွင် သွားရောက်ခေါ်ယူသည်။ အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းရှိ ပို့ဘလဲယား (Port Blair) ဆိပ်ကမ်းသို့ မတ် ၇ ရက် မွန်းလွဲပိုင်းတွင်ရောက်ရှိသည်။ မတ် ၈ ရက်တွင် အိန္ဒိယနိုင်ငံမှပြန်လည်ထွက်ခွာပြီး အသွားအပြန် ရေမိုင်ပေါင်း ၈၃၀ ခုတ်မောင်းကာ မတ် ၁၀ ရက်မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။ မလေးရှားနှင့် အိန္ဒိယ နိုင်ငံတို့မှ တပ်မတော်စစ်ရေယာဉ်များဖြင့်  ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့်အတွက်  ပြန်လည်ရောက်ရှိကြသူများ၊ မိသားစုများ၊  ဆွေမျိုးများ၏ ဝမ်းသာကြည်နူးဖွယ် စကားသံများကိုလည်း ရုပ်မြင်သံကြားဖန်သားပြင်တွင် ကြားမြင်ခဲ့ကြရပြီးဖြစ်သည်။ ဒီတစ်သက် မှာ သားနဲ့ပြန်မတွေ့ရတော့ဘူးလို့ထင်ကာ ဝမ်းနည်းကြေကွဲနေသူ မိခင်တစ်ဦး၏ ဝမ်းသာမှုပီတိမှာလည်း ကြည်နူး ချမ်းမြေ့စရာ ဖြစ်သည်။

ယခုအခါထိုင်းနိုင်ငံမှ ပြန်လည်ခေါ်ဆောင်လာခဲ့သူများ၏ ရင်တွင်းစကားတွင်လည်း မိမိတို့မြန်မာနိုင်ငံမှလွဲပြီး  အခြားနိုင်ငံတွေမှာ ဒုက္ခများစွာ ကြုံတွေ့ခဲ့ရပုံများကို ရင်ဖွင့်ပြောကြားပြီး ယခုလိုခေါ်ယူပေးသည့် အတွက် နိုင်ငံတော် အကြီးအကဲကို အထူး ကျေးဇူးတင်ပါကြောင်း ပြောကြားကြသည်။ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် တရားဝင်သွားရောက် လုပ်ကိုင်သင့်ကြောင်းကိုလည်း သူတို့၏အတွေ့ အကြုံစကားများတွင် ကြားသိလိုက်ရသည်။ အနှစ်ချုပ်ဆိုရသော်  ပြည်ပရောက် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူပေးနေခြင်းမှာ ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ပါ ကြောင်း ရေးသားလိုက်ရပေသည်။   ။