ပျော်ရွှင်ချမ်းမြေ့ ရှမ်းပြည်နယ်နေ့

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်)

ပျော်ရွှင်ချမ်းမြေ့ ရှမ်းပြည်နယ်နေ့

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက ယနေ့တိုင်တည်ရှိလျက်ရှိသည်။ ကိုယ်ပိုင်ထီးနန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများဖြင့် တင့်တင့်တယ်တယ်နေထိုင်ခဲ့ပြီး တိုင်းရင်းသားလူမျိုးစုအားလုံးသည် အေးအတူပူအမျှ မိသားစုစိတ်ဓာတ်အပြည့်ဖြင့် နေထိုင်လာခဲ့ကြသည်။ အခါမသင့်အခွင့်မသာ၍ နယ်ချဲ့လက်အောက်ကျရောက်ခဲ့သော်လည်း တိုင်းရင်းသား အပေါင်းတို့သည် ရရာလက်နက်စွဲကိုင်ကာ နယ်ချဲ့တို့ကိုတိုက်ခိုက်ခဲ့ကြသည်။ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲများတွင် အခြားသောတိုင်းရင်းသားများနှင့်အတူ ရှမ်းလူမျိုးများမှာလည်း တက်ကြွစွာ ပါဝင်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲများတွင် ရှမ်း အမျိုးသမီး သုံးဦး ခေါင်းဆောင်ပါဝင်ခဲ့သော တိုက်ပွဲအကြောင်းကို နယ်ချဲ့တို့မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။

ကိုလိုနီအုပ်ချုပ်မှုအောက်တွင် တိုင်းရင်းသား အချင်းချင်းသွေးခွဲစေရန်၊ မုန်းတီးနာကြည်းစေရန် အမျိုးမျိုးသော လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့သည်။ မြေပြန့်နှင့်တောင်တန်းတို့သည်လူမျိုးချင်း၊ နယ်ပယ်ချင်းသက်ဆိုင်ခြင်း မရှိသယောင်သွေးခွဲခဲ့သည်။ အထက် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် ကိုလိုနီအုပ်ချုပ်မှုကြုံခဲ့ရာတွင် ရှမ်းပြည်နယ်သည်လည်းပါဝင်ခဲ့သည်။ ဆိုလိုသည်မှာ နှစ်ပေါင်း ၆၀ ကျော်သွေးခွဲခဲ့ကြသော်လည်း အရေးကြီးလျှင်သွေးနီးကြသည်။ အရေးကြုံလျှင်သွေးဆုံကြသည့်ပမာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး သွေးစည်းညီညွတ်စွာ လွတ်လပ်ရေးကို ရယူခဲ့သည်။

လွတ်လပ်ရေးရယူရေးအတွက် တောင်ပေါ်မြေပြန့်မခွဲဘဲ အတူတကွလွတ်လပ်ရေးရယူကြမည်ဟူသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးရယူခဲ့ကြသည်။ ယခင်ကတည်းက တစည်းတလုံးတည်းရှိသော ပြည်ထောင်စုနိုင်ငံကိုပြည်ထောင်စုအဖြစ် ယနေ့တိုင် ခိုင်မာစွာရပ်တည်နိုင်ခဲ့ခြင်းမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာခြင်းကြောင့်ဖြစ်သည်။ မြန်မာ့သမိုင်းတွင်ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် တိုင်းရင်းသားခေါင်းဆောင်အားလုံး ပင်လုံတွင်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သည့် နေ့ဖြစ်သောကြောင့် ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့သည်။

ထို့အတူ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များသည် ဗမာပြည်မနှင့်ပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့် သဘောတူ ဆုံးဖြတ်ချက်တစ်ရပ်ကို ရှမ်းပြည်နယ်ပင်လုံမြို့မှာ ဖေဖော်ဝါရီ ၇ ရက်တွင်ချမှတ်နိုင်ခဲ့ကြသည်။ ထိုနေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ယခုအခါ (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်နေ့သည် သမိုင်းဝင်ပြည်ထောင်စုနေ့၏ အခြေခံပင်လုံ စာချုပ်၏ ပဋိညာဉ်များကို ချမှတ်နိုင်ခဲ့သည့်နေ့ဖြစ်သည်။ ရှမ်းပြည်နယ်နေ့မှာ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော နေ့မြတ်ပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးများ အမည်သတ်မှတ်ပေးထားသော်လည်း အဆိုပါဒေသအားလုံးတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်း နေထိုင်ခြင်းမဟုတ်ပေ။ ဤသည်မှာ မြန်မာနိုင်ငံ၏ ထူးခြားချက်ဖြစ်သည်။ ရှမ်းပြည်နယ်မှာပင် ရှမ်းမျိုးနွယ်စုများဖြစ်သည့် ရှမ်း၊ ပလောင်၊ ပအိုဝ်း၊ ဝ၊ ဓနု၊ ကိုးကန့်၊ လားဟူ၊ အာခါ၊ အင်းသား စသည့်ရှမ်းတိုင်းရင်းသားများ နေထိုင်ကြသကဲ့သို့ ကချင်၊ ကယား၊ လီဆူ၊ ဗမာစသည့် တိုင်းရင်းသားများစွာတို့သည်လည်း နေထိုင်လျက်ရှိကြသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားအပေါင်းတို့သည် အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များစွာ၌လည်း အတူတကွနေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိကြသော တိုင်းရင်းသားအပေါင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ရှိကြသည်။ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့မှာလည်းလွန်စွာသိမ်မွေ့လှပြီး ချစ်ခင်နှစ်သက်ဖွယ်ကောင်းလှသည်။ နယ်ချဲ့ကိုလိုနီ ခေတ်တွင်   နယ်ချဲ့တို့က  ယင်းတို့၏ ရေရှည်အကျိုးစီးပွားကို ရှေးရှုကာ တိုင်းရင်းသားများအကြား သွေးခွဲအုပ်ချုပ်ခဲ့ကြသည့်အတွက် လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတို့ဖြစ်ပေါ်လာခဲ့သည်။ လွတ်လပ်ရေးရပြီး မကြာမီအချိန်အတွင်းမှာပင် လက်နက်ကိုင် သောင်းကျန်းမှု ပေါ်လာခဲ့သည်။

လွတ်လပ်ရေးရပြီးဖြစ်သော်လည်း လွတ်လပ်ရေး၏ အရသာကို တိုင်းရင်းသားအားလုံးပြည့်ပြည့်၀၀ မခံစားနိုင်ကြဘဲ တည်ငြိမ် အေးချမ်းမှု၊  ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အလှမ်းဝေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စု တစ်ဝန်းတည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကို ဦးဆောင်ကြိုးပမ်းလျက်ရှိသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထား လုပ်ဆောင်လျက်ရှိသည်။ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပေရာ ရှမ်းပြည်နယ်နေ့ကျရောက်လာသည့် ယနေ့အချိန်အခါတွင်  လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး   ပြည်နယ်တစ်ဝန်းစိမ်းစိုလန်းကာ ပြည်နယ်အတွင်းရှိ တိုင်းရင်းသား အားလုံးစိတ်ချမ်းသာမှု၊ ပျော်ရွှင်ကြည်နူးမှုတို့ဖြင့် လူမှုစီးပွားဘဝမြင့်မားပါစေကြောင်း ဆုမွန်ကောင်း တောင်းရေးသားလိုက်ရပေ သည်။   ။