နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်)

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂) ရပ်ချမှတ်ကာ မြန်မာတိုင်းရင်းသားများ အပါအဝင်နိုင်ငံသားအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိရေးကိုအဓိကဦးတည် ဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် သွားမည်” ဟု ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနလက်အောက်ရှိ ငါးလုပ်ငန်း သိပ္ပံ(တွံတေး)သို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ရောက်ရှိပြီး အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြားစဉ် “ငါးနှင့် ပုစွန်မွေးမြူရေးအောင်မြင် ရန်အတွက် လူသားအရင်းအမြစ်ကောင်းများ များစွာလိုအပ်ပြီး ယခုကျောင်းမှတစ်ဆင့် ပညာရှင်များ ပေါ်ထွန်းလာမည်ဖြစ်သဖြင့် ဂုဏ်ယူပါကြောင်း၊ အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန်အတွက် သိပ္ပံကျောင်းမှ တစ်ဆင့် တက္ကသိုလ်နှင့်ကောလိပ်များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့်စက်မှုသင်တန်းများကို လာမည့်ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံလုပ်ဆောင်နေသည့် နိုင်ငံဖြစ်သည့်အတွက် စားရေရိက္ခာမှာ ဖူလုံပြီးပိုလျှံ လျက်ရှိသည်။ ပြည်ပဝင်ငွေရရှိရေးအတွက် နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ဆောင်မှုမှာ အောင်မြင်လျက်ရှိနေသည်။ ရန်ကုန်မြို့မှာ စီးပွားရေးမြို့တော်ဖြစ်သည်နှင့်အညီ စိုက်ပျိုး မွေးမြူရေးဇုန်များ၊ စက်မှုဇုန်များဖြင့် အထူးစည်ကားလျက်ရှိသကဲ့သို့ လူဦးရေလည်း ထူထပ်မှုရှိသည်။ လူဦးရေများပြားသည်နှင့်အညီ စားရေရိက္ခာထုတ်လုပ်မှုလည်း မြင့်မားနေရန်လိုအပ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၉ သန်းခန့်ရှိနေပြီး ငါးစားသုံးမှုမှာလည်း များပြားသည်။ နေ့စဉ်ငါးလိုအပ်ချက်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်သွင်းနေရခြင်းမျိုးရှိနေသည်။ အခြားသောတိုင်းနှင့် ပြည်နယ်များမှ တင်သွင်းနေရခြင်းထက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည့်မီအောင်ထုတ်လုပ်နိုင်မည်ဆိုပါက သယ်ယူပို့ဆောင်မှု စရိတ်သက်သာမှုရှိပေမည်။

ဒေသခံများအနေဖြင့် ဈေးနှုန်းသက်သာစွာ ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်သည်။ ငါးသည် လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးသော အစားအစာဖြစ်သည်။ လူတိုင်းကြိုက်နှစ်သက် ကြပြီး စားသုံးမှုအများဆုံး အစားအစာတစ်ခုလည်း ဖြစ်သည်။ ငါးမွေးမြူရေး လုပ်ငန်းကို ထုတ်လုပ်မှုကုန်ကျ စရိတ်နည်းစွာဖြင့် အရေအတွက်များများရရှိအောင် ဆောင်ရွက်ကြရန်လိုအပ်သည်။ ထုတ်လုပ်မှုကုန်ကျ စရိတ်သက်သာပါက ပြည်သူလူထုအကျိုးရှိမည်ဖြစ်ပြီး အာဟာရပြည့်မီအောင်စားသုံးနိုင်ကြမည်ဖြစ်သည်။ ငါးမွေးမြူရေးလုပ်ငန်းသည် ဒေသ၏ကောင်းကျိုးကိုဖြစ်ထွန်းစေပြီး ငါးစားသုံးခြင်းသည် လူတိုင်းအတွက် ကျန်းမာရေးအထောက် အကူများစွာဖြစ်စေသည်။

မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင်များပေါများ၍ ပင်လယ်ကမ်းရိုးတန်းရှည်လျားစွာရှိသည့် နိုင်ငံဖြစ်သည့်အတွက် ငါးပုစွန် မွေးမြူရေးမှာ စဉ်ဆက်မပြတ်ရှိနေမည့်လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းအတွက် တိုးတက်လာသော နည်းပညာများကို တတ်သိ နားလည်သော ပညာရှင်များ စဉ်ဆက်မပြတ်ရှိနေရမည်ဖြစ်သည်။ ပညာရှင်များမွေးထုတ်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်ကို ပြုစု ပျိုးထောင်ပေးခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရသည် KG+9 သင်ယူတတ်မြောက်ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့်နည်းပညာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းကျောင်း များမှ ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများရှိထားပြီးဖြစ်ရာ ပညာရပ် ပိုင်းဆိုင်ရာများတွင် ထူးချွန်စွာ တတ်မြောက်သူများ ပေါကြွယ်ဝရန်သာလိုအပ်နေသည်။ ဆရာ၊ ဆရာမများ အနေဖြင့်ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် တတ်မြောက်စေရေးအတွက် စနစ်တကျဖြင့်သင်ကြား လေ့ကျင့်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်သလို ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ပညာရပ် တစ်ခုကို စိတ်ပါဝင်စားစွာ သင်ယူကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်၏   လမ်းညွှန်ချက်နှင့်အညီ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကို၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံတွင် ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပထမဦးဆုံး သိပ္ပံကျောင်းတစ်ခု ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်များကိုသင်ကြားနေရုံသာမက ကိုယ်တိုင်လည်း လေ့လာဆောင်ရွက် နေရန် လိုအပ်လှသည်။ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း။    ။