၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာသိကောင်းစရာများ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု

အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာသိကောင်းစရာများ

ဒေါက်တာသီသီထွန်းပါမောက္ခ(ဌာနမှူး)

အင်္ဂလိပ်စာဌာနရန်ကုန်တက္ကသိုလ်

                  တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် မေးခွန်းဟာ ၂၀၁၉ ခုနှစ် မေးခွန်းပုံစံအတိုင်း ပြုစုမှာ ဖြစ်ပါတယ်။ မေးခွန်းတွေမှာ ကျောင်းသားအများစု ဖြေဆိုနိုင်မယ့် လွယ်၊ သင့်၊ ခက် မေးခွန်းတွေ ပါဝင်တာဖြစ်လို့ သင်ခန်းစာများကို ကျေညက်အောင် လေ့လာထားတဲ့ ကျောင်းသားကျောင်းသူများ ဖြေဆို နိုင်မယ့် မေးခွန်းပုံစံ ဖြစ်ပါတယ်။

                  အင်္ဂလိပ်စာဘာသာရပ်မေးခွန်းမှာ မေးခွန်းပုဒ်ရေ စုစုပေါင်း (၉)ပုဒ်မေးမှာဖြစ်ပါတယ်။  ပြဋ္ဌာန်း စာအုပ်မှာပါတဲ့ အကြောင်းအရာတွေကို အခြေခံပြီးမေးမှာ ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေ အနေနဲ့ Grade 11 အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းမှာပါတဲ့ Reading Section, Vocabulary Section, Grammar Section, Writing Section နဲ့ Poems တွေ အားလုံးကို ကျေကျေညက်ညက် လေ့လာထားကြဖို့ တိုက်တွန်းလိုပါတယ်။

                  မေးခွန်းနံပါတ်(၁)ကတော့ သတ်မှတ်ပေးထားပြီးဖြစ်တဲ့ သင်ခန်းစာများထဲကနေကျောင်းသား ကျောင်းသူများ လေ့လာထားပြီးဖြစ်တဲ့  စာပိုဒ်တစ်ပိုဒ် ဒါမှမဟုတ် တစ်ပိုဒ်ထက်ပိုတဲ့ စာပိုဒ်တွေကို ပေးထားပြီး၊ အဲဒီ စာပိုဒ်မှာပါတဲ့ အကြောင်းအရာတွေကို မေးခွန်းအမျိုးအစား (၂)မျိုးနဲ့ မေးမှာ ဖြစ်ပါ တယ်။

                  I. (A) က Write the correct word or words to complete each sentence. ဖြစ်ပါတယ်။ ပေးထားတဲ့ စာကြောင်းကို အဓိပ္ပာယ်ပြည့်စုံအောင် ကွက်လပ်ဖြည့်ပေးရမှာ ဖြစ်တယ်။ ဝါကျ(၅)ကြောင်း ပေးထားပြီး ပေးထားတဲ့ ကွက်လပ်ကို စကားလုံးတစ်လုံး၊ ဒါမှမဟုတ် စကားစုတစ်စုနဲ့ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ သတိပြုရမှာက ပေးထားတဲ့ဝါကျရဲ့တည်ဆောက်ပုံပေါ်မူတည်ပြီး သင့်လျော်သလို စကားလုံး တွေကို ပြောင်းရေးဖို့ လိုကောင်း လိုပါလိမ့်မယ်။

                  ဥပမာ စာပုဒ်ထဲမှာ “He might fool some people for a little while through misleading advertising.” လို့ပေးထားပြီး မေးခွန်းမှာ “Some people might _______ for a while through misleading advertising.” လို့မေးလာခဲ့ရင် ပေးထားတဲ့စာပုဒ်ထဲက Active verb form ဖြစ်တဲ့ ‘fool’ ကို ပြန်ကူးချလို့ မရပါဘူး။ ပြုလုပ်ခံရတဲ့ Some people ဟာ object position ဖြစ်သော်လည်း verb ရဲ့ရှေ့ subject position ကို ရောက်နေပါတယ်။ ဒါကြောင့် passive verb form ဖြစ်တဲ့ ‘be fooled’ ကို ကွက်လပ်ဖြည့်ရမှာ ဖြစ်ပါတယ်။

                  နောက်ဥပမာတစ်ခုကတော့ စာပုဒ်ထဲမှာ “Also, the moon is not a magnet the way the earth is. You can leave your compass home too.” လို့ပေးထားပြီး မေးခွန်းမှာ “If we visit the moon, we can leave a compass home because it is not _______” လို့မေးလာခဲ့ရင် စာပုဒ်ထဲကအတိုင်း ‘a magnet’ လို့ ဖြေလို့ရသလို verb to be ‘is’ နဲ့မေးထားလို့ adjective form ဖြစ်တဲ့ ‘magnetic’ ကိုလည်း ဖြေလို့ရပါတယ်။

                  I (B) ကတော့ Answer each question in one sentence. ဖြစ်ပါတယ်။ စာပုဒ်ထဲမှာ ပါတဲ့အကြောင်းအရာအချက်အလက်တွေနဲ့ ဆက်စပ်ပြီး မေးခွန်း (၅) ခုမေးမှာဖြစ်ပြီး ပေးထားတဲ့စာပုဒ် ထဲက အဖြေရှာပြီး မေးခွန်းတစ်ခုစီကို ပြည့်စုံတဲ့ဝါကျတစ်ကြောင်းစီနဲ့ ဖြေပေးရမှာဖြစ်ပါတယ်။ အမှတ် ပြည့်ရရှိဖို့အတွက် မေးခွန်းမှာမေးတဲ့ အချက်အလက် (content) ရော၊ သဒ္ဒါ (grammar) ပါမှန်မှန်ကန်ကန် ဖြေနိုင်အောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။

                  ဥပမာ စာပုဒ်ထဲမှာ “On the moon stars are visible in the daytime, but you would have to shield your eyes from the unfiltered sunlight to view them.” လို့ပေးထားပြီး “How can a person view the stars on the moon?” လို့ မေးထားတဲ့အခါ Grammar မှန်မှန်ကန်ကန် ဖြေဆိုရပါမယ်။ စာပုဒ်ထဲက verb ‘shield’ ကို ဖြေလို့မရတော့ပါဘူး။ How နဲ့လည်း မေးထားတဲ့အတွက် အဖြေက by Ving နဲ့ ဖြေရပါတော့မယ်။ အချက်အလက်နဲ့ သဒ္ဒါမှန်ကန်စွာဖြင့် “A person can view the stars on the moon by shielding his / her eyes from the unfiltered sunlight.” လို့ဖြေရမှာဖြစ်ပါတယ်။ အရေးကြီးတာ ကတော့ ဆီလျော်မှန်ကန်တဲ့ အဖြေဖြစ်ရပါမယ်။ သင်ရိုးညွှန်းတမ်းပါ စာပိုဒ်တွေနဲ့ မေးခွန်းတွေကို အလွတ် ကျက်မှတ်တာထက် မေးခွန်းအမျိုးမျိုးကို အဓိပ္ပာယ်ရှိရှိ မှန်မှန်ကန်ကန် ဖြေတတ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။ စာပိုဒ်ထဲက သက်ဆိုင်တယ်ထင်တဲ့ စာကြောင်းတွေကို တိုက်ရိုက်ကူးချတာမျိုးလည်း မပြုလုပ်ကြဖို့ သတိပြုစေချင်ပါတယ်။

                  မေးခွန်းနံပါတ်() ကတော့ Fill in each numbered blank with a word from the list given. There are five extra words. Write down only the number of the blank and the word that fills it. ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ သင်ခန်းစာတွေထဲက စာပိုဒ်တစ်ပိုဒ် (သို့မဟုတ်) တစ်ပိုဒ်ထက်ပိုတဲ့ စာပိုဒ် တွေကို ပေးထားပြီး အဲ့ဒီစာပိုဒ်တွေထဲက (၈)လုံးမြောက် ဖောက်ထားတဲ့ ကွက်လပ်တွေမှာ ပေးထားတဲ့ စကားလုံးတွေကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ကွက်လပ်ပေါင်း (၂၀)ရှိပြီး ဒီကွက်လပ်တွေကို ဖြည့်စွက်ဖို့ စကားလုံး(၂၅)လုံးကိုလဲ ပေးထားပါတယ်။ သတိပြုရမဲ့ အချက်ကတော့ စာလုံး(၅)လုံး ပိုပေးထားတာပါပဲ။ စာပိုဒ်ကြီး တစ်ပိုဒ်လုံးကို ပြန်ကူးရေးဖို့ မလိုပါဘူး၊ ကွက်လပ်နံပါတ်နဲ့ အဖြေကိုသာ ရေးရမှာ ဖြစ်ပါတယ်။ အဖြေကို ရေးတဲ့ အခါမှာ capital letter တို့၊ small letter တို့၊ spelling တို့ကို မှန်အောင် ရေးရပါမယ်။

မေးခွန်းနံပါတ်() မှာ မေးခွန်း(၂)ပိုင်းပါ ပါမယ်။

III. (A) က တော့ Choose the appropriate words to complete the sentences. ဖြစ်ပါတယ်။ ဖတ်စာအုပ်ထဲက စကားလုံးတွေကို အဓိပ္ပာယ်သိရှိမှုနဲ့ မှန်မှန်ကန်ကန် သုံးတတ်မှုကို စစ်ဆေးတာ ဖြစ်ပါတယ်။ ကွက်လပ်ပါတဲ့ မေးခွန်း(၅)ခုပေးထားပြီး ရွေးချယ်ဖို့ စကားလုံး (၃)လုံး ပေးထားမှာဖြစ်တယ်။ အဲဒီဝါကျမှာ မှန်တဲ့ စကားလုံးကိုရွေးရမှာ ဖြစ်ပါတယ်။

ဥပမာ - “Si Si  _______  off a ladder and broke her arm.” လို့ ပေးထားပြီး ရွေးချယ်စရာ           (A) falls (B) fell (C) fall လို့ပေးထားရင် သဒ္ဒါအရ second action ဖြစ်တဲ့ broke က past tense နဲ့ရေးထားတဲ့အတွက်ကြောင့် ကွက်လပ်ဖြည့်ရမဲ့ first action မှာ past tense ဖြစ်တဲ့ (B) fell ရွေးရပါမယ်။

နောက်ဥပမာတစ်ခုကတော့ “_______ foods are kept at zero degree Fahrenheit in supermarkets.” လို့ပေးထားပြီး ရွေးချယ်စရာ (A) Prepacked (B) Required (C) Frozen လို့ပေးထားရင် အဓိပ္ပာယ်အရ အဖြေမှန်ဟာ (C) Frozen ဖြစ်ရပါမယ်။ ဒီလိုမေးခွန်းတွေကို ဖြေဆိုရာမှာ ဝါကျရဲ့ အဓိပ္ပာယ် နဲ့ရွေးချယ်ဖို့ပေးထားတဲ့ စကားလုံးတွေကို ဘယ်လိုသုံးရမယ်ဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။

III (B) ကတော့ Write the appropriate words or groups of words to complete the lines of verse. ဖြစ်ပြီး ပြဋ္ဌာန်းသတ်မှတ်ပေးထားတဲ့ ကဗျာတွေထဲက ကောက်နုတ်ချက်တွေကို ကွက်လပ်ဖြည့် မေးတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းဟာ ကျောင်းသားကျောင်းသူတွေအနေနဲ့ သင်ယူထားတဲ့ကဗျာတွေကို နားလည်မှတ်သားထားရင် ဖြေဆိုဖို့လွယ်ကူတဲ့မေးခွန်းဖြစ်ပါတယ်။ တိတိကျကျပြန်လည်ဖော်ပြဖို့နဲ့ စာလုံးပေါင်းမှားယွင်းမှုမရှိအောင် သတိထားကြဖို့လိုပါတယ်။

ဥပမာ - Leisure ကဗျာထဲက စာကြောင်းနှစ်ကြောင်းဖြစ်တဲ့

      No time to see, in broad daylight,

 _______ full of stars, like skies at night:

      လို့မေးရင် Streams လို့ဖြေပေးရမှာဖြစ်ပါတယ်။ ပေးထားတဲ့ စာကြောင်းတွေကို ပြန်ကူးရေးဖို့ မလိုပါဘူး။

မေးခွန်းနံပါတ် () ကတော့ သင်ခန်းစာပါ အကြောင်းအရာတွေကို ကျေကျေညက်ညက် လေ့လာထားမှုရှိ၊ မရှိ စစ်ဆေးဖို့အတွက် မေးခွန်း (၅) ခုမေးမှာဖြစ်ပါတယ်။ ရွေးချယ်စရာမေးခွန်းပေး မထားဘဲ မေးခွန်း (၅) ခုစလုံးကို ဖြေဆိုရမယ်ဆိုတာ သိထားဖို့လိုပါတယ်။ ကျောင်းသားကျောင်းသူ များဟာ အချက်အလက်ရော သဒ္ဒါပါ မှန်မှန်ကန်ကန်နဲ့ မေးခွန်းတွေကို ဖြေကြားရမှာ ဖြစ်ပါတယ်။

ဥပမာ - “What is the difference between a computer and a robot?” လို့မေးထားတယ်ဆိုရင် “The difference between a computer and a robot is that a computer has no moving parts and / but / whereas a robot needs lots of moving parts.” လို့ ပြန်ဖြေပေးရမှာ ဖြစ်ပါတယ်။

ဒီမေးခွန်းတွေဖြေဆိုရာမှာ သဒ္ဒါမှန်ကန်ဖို့နဲ့ အချက်အလက်ပြည့်စုံဖို့ သတိထားရပါမယ်။ ဒုတိယ ဥပမာမှာဆိုရင် အဖြေမှာ အချက်အလက် (၂) ခုလုံး ဖြေဆိုထားမှသာ အမှတ်ပြည့်ရမှာဖြစ်ပါတယ်။

နောက်ပုံစံတစ်ခုဖြစ်တဲ့ Who said these words and to whom were they said? What do they mean? ဆိုတဲ့ပုံစံလည်း မေးနိုင်ပါသေးတယ်။

ဥပမာ - “There is a treasure inside her that needs to be opened.” လို့ မေးထားခဲ့ရင် “The director of the Perkins Institute for the Blind said these words to Annie / Annie Sullivan / Miss Sullivan / Helen’s teacher. They mean that Helen (Keller) was very intelligent and she needed someone to teach her language (the door to the world for her).” လို့ ဖြေပေးရပါမယ်။

မေးခွန်းနံပါတ် (၄) အပုဒ်ငယ် (၅) ကတော့ ကဗျာထဲက စာကြောင်းနှစ်ကြောင်းလောက်ကို ပေးထားပြီး ဆိုလိုရင်းအဓိပ္ပာယ်ကို ရေးခိုင်းတာဖြစ်ပါတယ်။

ဥပမာ - “Thus let me live, unseen, unknown;

        Thus unlamented let me die;”

       လို့ ကဗျာထဲက စာကြောင်း (၂) ကြောင်းကို ပေးထားတယ်ဆိုရင် အဲဒီကဗျာ (၂) ကြောင်းကို စကားပြေပြန်ပေးရမှာ ဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေနိုင်ဖို့ကတော့ ပြဋ္ဌာန်းထားတဲ့ ကဗျာတွေရဲ့ အဓိပ္ပာယ်ကို နားလည်သိရှိထားဖို့ လိုပါတယ်။ ကဗျာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ ဆိုလိုရင်းအဓိပ္ပာယ်ရော သဒ္ဒါရော မှန်ကန်တဲ့ ဘယ်အဖြေမဆို လက်ခံမှာဖြစ်ပါတယ်။

မေးခွန်းနံပါတ် () ကတော့ ဖတ်စာအုပ်ထဲမှာမပါတဲ့ စာပိုဒ်တစ်ပိုဒ်ပေးထားပြီး မေးခွန်း (၅) ခုကို ဖြေဆိုပေးရမှာဖြစ်ပါတယ်။ Unseen passage ဖြစ်ပေမယ့် ကျောင်းသားကျောင်းသူတို့ အသက်အရွယ်နဲ့ ကိုက်ညီမယ့်အကြောင်းအရာပိုင်းနဲ့ language တို့ပါဝင်တဲ့ စာပိုဒ်မျိုးကို ပေးထားမှာ ဖြစ်လို့ စိတ်ပူစရာ မလိုပါဘူး။ ယခင်နှစ်များက အတွေ့အကြုံအရဆိုရင် ဒီလို မေးခွန်းများကို ဖြေဆို တတ်အောင် လေ့ကျင့် ထားတဲ့အတွက် ကျောင်းသားအများစု ဖြေဆိုနိုင်ကြတာကို တွေ့ရပါတယ်။

ဒီလိုမေးခွန်းတွေကို ဖြေဆိုတတ်အောင် လေ့ကျင့်ထားရင် ကျောင်းသားအများစု ဖြေဆို နိုင်မှာ ဖြစ်ပါတယ်။

ဥပမာ - စာပိုဒ်က “In addition, the loud use of mobile phones in public places such as restaurants and cinema is rude and can be very irritating for other people.” လို့ပေးထားပြီး “What kind of act irritates people in public places? Why?” လို့မေးရင် အဖြေက “The loud use of mobile phones irritates people in public places because it is rude. ” လို့ဖြေရပါမယ်။

ဒါ့အပြင် ကျောင်းသား ကျောင်းသူတွေ စာဖတ်ပြီးနားလည်နိုင်စွမ်းကို စစ်ဆေးတဲ့အနေနဲ့ စာပိုဒ်ထဲက အကြောင်းအရာကို တိုက်ရိုက်မမေးပဲ ဆက်စပ်ပြီးမေးတဲ့ မေးခွန်းမျိုးတွေလည်း မေးနိုင်ပါ တယ်။

မေးခွန်းနံပါတ် () ကတော့ capital letter, small letter, comma, semi-colon, full stop, question mark, open and close inverted comma, exclamation mark, apostrophe စတဲ့ punctuation တွေကို စစ်ဆေးတဲ့မေးခွန်းတွေဖြစ်တဲ့အတွက် Punctuate the following. လို့ မေးထားမှာ ဖြစ်ပါတယ်။

အဓိကကတော့ Punctuation တွေကို ဘယ်လိုသုံးရမလဲဆိုတာသိဖို့ လိုပါတယ်။ Punctuation မေးခွန်းအတွက် အလွတ်ကျက်မှတ်ဖို့ မလိုပါဘူး။ လေ့ကျင့်ခန်းများများလုပ်ပေးဖို့ လိုအပ်ပါ တယ်။ ဝါကျအစ စကားလုံးနဲ့ proper nouns တွေကို capital letter နဲ့ရေးဖို့၊ လိုအပ်တဲ့နေရာမှာ comma, apostrophe စသည်ဖြင့် ထည့်ရေးဖို့နဲ့ ဝါကျအဆုံးမှာ Full stop (or) Question mark သုံးဖို့နဲ့ လူတစ်ဦး တစ်ယောက်ရဲ့ ပြောစကားဖြစ်ရင် အဖွင့်အပိတ် inverted comma တွေ မှန်ကန်‌အောင် သုံးဖို့သိ ထားရမှာဖြစ်ပါတယ်။

ဥပမာ - aung kyaw said did you send the parcel to thida လို့မေးထားခဲ့ရင် Aung Kyaw said, “Did you send the parcel to Thida?” လို့ဖြေဆိုပေးရမှာဖြစ်ပါတယ်။

မေးခွန်းနံပါတ်() မှာ အပိုင်း( ၂) ပိုင်း ပါဝင်ပါတယ်။

ပထမပိုင်း VII.(A) က Stylistic Transformation ဖြစ်ပါတယ်။ Finish each sentence in such a way that it means exactly the same as the sentence that is given. လို့မေးမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ ဝါကျ(၁၀)ကြောင်းကို အဓိပ္ပာယ်မပြောင်းလဲစေဘဲ  ပြန်ရေး ပေးရမှာဖြစ်တယ်။ ဒီလိုအဓိပ္ပာယ် မပြောင်းလဲဘဲ တည်ဆောက်ပုံ မတူတဲ့ ဝါကျပုံစံတွေဟာ ပြဋ္ဌာန်းစာအုပ်ပါ Grammar section တွေမှာ ပါပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းတွေကို များများလေ့ကျင့်ရင် ဒီအပိုင်းကို ကောင်းကောင်းဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယပိုင်း VII (B) ကတော့ Using the prompts given, write a very short paragraph on ONE of the following. ဆိုပြီး ရွေးစရာ (၂) ပုဒ်ပေးပါမယ်။ ပေးထားတဲ့ prompt တွေကိုသုံးပြီး စာပုဒ်တို လေး တစ်ပိုဒ်ရေးရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်နိုင်စွာရေးနိုင်မယ့်တစ်ပုဒ်ကို ရွေးပါ။ ကြိုတင်ပြင်ဆင်ရေးသား ကျက်မှတ်ထားတာတွေကို ဘာမှမစဉ်းစားဘဲ ချရေးတာမျိုး မလုပ်သင့်ပါ။ မလိုအပ်တာတွေ ထည့် မရေးရပါ။ Write a very short paragraph. ဆိုတာကို သတိပြုရပါမယ်။ ပေးထားတဲ့ prompt အားလုံးကိုသာ အသုံးပြုပြီး သဒ္ဒါမှန်တဲ့ ဝါကျတွေ ရေးရမှာ ဖြစ်တဲ့အတွက် ကိုယ်ပိုင်ဝါကျတွေကို မှန်မှန် ကန်ကန် ရေးသားနိုင်အောင် လေ့ကျင့်ထားကြစေလိုပါတယ်။

ဥပမာ - The Life of Helen Keller အကြောင်းကို ရေးခိုင်းတယ်ဆိုပါစို့။ ပေးထားတဲ့ prompt က she – happy – intelligent – she – blind – deaf – because – mysterious illness ဖြစ်ရင် သဒ္ဒါမှန်တဲ့ ဝါကျအနေဖြင့် “She was happy and intelligent but she became blind and deaf because of a mysterious illness.” လို့ ရေးရမှာဖြစ်ပါတယ်။ ဒီဝါကျမှာ ရေးဖို့လိုအပ်တဲ့ စကားလုံးတွေကတော့ was, and, but, became, and, of နှင့် a တို့ဖြစ်ပြီး punctuation mark တွေကတော့ full stop (.) ဖြစ်ပါတယ်။ ဝါကျမှာ အကြောင်းအရာနှစ်ပိုင်းပါရှိပြီး ပထမပိုင်းမှာ was ကို main verb အနေနဲ့ ဖြည့်ရပါတယ်။ ဒီနေရာမှာ tense ကိုလည်း သတိထားရပါမယ်။ Helen ရဲ့ life ဟာ ပြီးခဲ့တာ ဖြစ်တဲ့အတွက် past tense ကိုသာ သုံးရပါမယ်။ Verb to be + adj form ဖြစ်ရပါတယ်။ and ကတော့ adjective နှစ်ခုကို ဆက်စပ်ပေးရာမှာ သုံးပါတယ်။ ဝါကျရဲ့ ပထမအကြောင်းအရာဟာ ဒုတိယအကြောင်းအရာနဲ ဆန့်ကျင် နေတဲ့အတွက် conjunction ဖြစ်တဲ့ but ကိုနှစ်ပိုင်းကြားမှာ သုံးရပါမယ်။ ဒုတိယပိုင်းမှာ main verb အနေနဲ့ became ကို ထည့်ရပါမယ်။ အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်လာတာဖြစ်တဲ့အတွက် ဒီနေရာမှာ verb to be သုံးလို့မရပါ။ နောက် adjective နှစ်ခုကို ဆက်စပ်ရာမှာလည်း and ကို ထပ်မံ သုံးရမှာ ဖြစ်ပါတယ်။ သဒ္ဒါအရ because နောက်မှာ Noun form သုံးခွင့်မရှိတဲ့အတွက် because of သုံးမှသာ မှန်ကန်မှာ ဖြစ်လို့ of ကို ထည့်ရပါမယ်။ Article + adj + Noun form မှန်ကန်ဖို့အတွက်လည်း adjective ရှေ့မှာ အကြောင်းအရာမတိကျတဲ့အတွက် article ‘a’ ကို သုံးရမှာဖြစ်ပါတယ်။ ဝါကျ အဆုံးသတ်မှာတော့ punctuation mark ဖြစ်တဲ့ full stop (.) ကို သုံးရပါမယ်။

ဒီမေးခွန်းကို ဖြေနိုင်ဖို့ဆိုရင် article တွေ၊ preposition တွေ၊ conjunction တွေ၊ pronoun တွေနဲ့ သဒ္ဒါမှန်မှန် ရေးနိုင်ဖို့အပြင် punctuation mark တွေကို ဘယ်လိုသုံးရမယ်ဆိုတာ သိရှိဖို့အတွက်ပါ လေ့ကျင့်ထားဖို့ လိုပါတယ်။ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာတွေထဲက ဝါကျတွေကို တိုက်ရိုက်ပေးမှာ မဟုတ်လို့ အလွတ်ကျက်မှတ်တာထက် ကိုယ်တိုင်ဝါကျတည်ဆောက်ပုံတွေကို လေ့ကျင့်ထားဖို့လိုပါ တယ်။

မေးခွန်းနံပါတ် () ကတော့ Letter Writing ဖြစ်ပြီး Choose a situation given below and write a letter. Do not write more than 300 words. လို့မေးမှာဖြစ်ပါတယ်။ ပေးထားတဲ့မေးခွန်း (၂) ပုဒ်ထဲက ကြိုက်ရာတစ်ပုဒ်ကိုရွေးပြီး စာလုံးရေ (၃၀၀) ထက်မပိုအောင် ရေးသားဖြေဆိုရပါမယ်။ ဒီမေးခွန်းကို ဖြေဆိုတဲ့အခါ သတိပြုရမယ့် အချက်တွေကတော့ ပေးထားတဲ့ညွှန်ကြားချက်ကို သေချာ ဖတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပထမအချက်အနေနဲ့ စာရေးသူ (Addresser) နဲ့ စာလက်ခံရရှိမယ့်သူ (Addressee) တွေကို သေသေချာချာ သတိထားပြီး ပေးထားတဲ့ နာမည်နဲ့လိပ်စာကိုသာ ရေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိနာမည်၊ မိမိကျောင်း၊ မိမိမြို့စတဲ့ စကားလုံးတွေကို လုံးဝထည့်မရေးဖို့ အထူး သတိပေးချင်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဘာအကြောင်းအရာရေးရမလဲဆိုတာ သေသေချာချာဖတ်ပါ။ ရေးခိုင်းတဲ့ အကြောင်းအရာတစ်ခုလား၊ နှစ်ခုလားဆိုတာ သေသေချာချာဖတ်ပြီးမှ ရေးဖို့လိုပါတယ်။

ဥပမာ - You are Kay Thwe. You live at No. 23, 68th Street, Mandalay. Write a letter to your friend, Zaw Min, who is also a Grade 11 student. Tell him the training you are going to attend after the matriculation examination and why you want to attend it. ဆိုတဲ့မေးခွန်းကို ကြည့်ရင် အကြောင်းအရာနှစ်ချက် ပါပါတယ်။ ပထမအချက်က the training you are going to attend after the matriculation examination အကြောင်းကို ရေးသားရမှာဖြစ်ပြီး ဒုတိယအချက်အနေနှင့် Why you want to attend it လို့မေးထားတဲ့အတွက် ဘာကြောင့် အဲဒီ training ကို တက်ချင်တဲ့အကြောင်းကို အကြောင်းပြချက်တွေပေးပြီးရေးရမှာဖြစ်ပါတယ်။ အချက်နှစ်ချက်လုံးကို တိတိကျကျ ဆီလျော်မှုရှိအောင် ရေးမှ အမှတ်ကောင်းကောင်းရမှာဖြစ်ပါတယ်။ မေးခွန်းမှာမေးထားတဲ့ အကြောင်းအရာနှင့် ဆီလျော်မှု မရှိဘဲ ကျက်မှတ်ထားသမျှ ချရေးထားမယ်ဆိုရင် အမှတ်ရနိုင်မှာ မဟုတ်ဘူးဆိုတာကို သတိထားရပါမယ်။ အချက် နှစ်ချက်လုံးကို တိတိကျကျ ဆီလျော်မှုရှိအောင်ရေးမှ အမှတ်ကောင်းကောင်းရမှာ ဖြစ်ပါတယ်။ မေးခွန်းမှာ မေးထားတဲ့ အကြောင်းအရာကို သေသေချာချာမဖတ်ဘဲ အလွတ်ကျက်ထားသမျှ အားလုံး ချရေးတာမျိုးဟာ မေးထားတာနဲ့ မဆီလျော်လို့ အမှတ်ကောင်းကောင်း မရနိုင်ပါဘူး။

မေးခွန်းနံပါတ်()ကတော့ Write an essay of three paragraphs on ONE of the following. Do not write more than 500 words. ဖြစ်ပါတယ်။ ပေးထားတဲ့ ခေါင်းစဉ်(၃)ခုထဲက မိမိအပိုင်နိုင်ဆုံး ခေါင်းစဉ်တစ်ခုကိုရွေးပြီး ရေးရမှာ ဖြစ်ပါတယ်။ ဥပမာ - Benefits of keeping the environment clean လို့မေးထားရင် ပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြရမှာဖြစ်ပြီး အဲလိုနည်းတွေနဲ့ ထိန်းသိမ်းခြင်းဖြင့် ဘယ်လိုအကျိုးတရားတွေ  ရလာမယ်ဆိုတာကို သေသေချာချာ ရှင်းပြပြီး ရေးသားပေးဖို့ လိုပါတယ်။ သို့မှသာလျှင် မေးထားတဲ့ မေးခွန်းကို ထိထိမိမိဖြေဆိုနိုင်မှာဖြစ်ပါတယ်။

ပေးစာနဲ့ စာစီစာကုံးရေးတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ ရှိပါတယ်။

Content and Relevancy (ရေးသားရမည့် အကြောင်းအရာနှင့်အချက်အလက် ဆီလျော်မှု ရှိခြင်း) - မိမိရေးရမည့်အကြောင်းအရာနှင့် ဆီလျော်တာကို ရေးရမှာဖြစ်ပါတယ်။ လုံးဝသက်ဆိုင်မှုမရှိတဲ့ အကြောင်းအရာတွေကို ရေးရင် အမှတ်ရမှာ မဟုတ်ပါဘူး။ ရေးရမယ့် အကြောင်းအရာနှင့်စပ်လျဉ်းတဲ့ အချက်အလက်နဲ့ ဥပမာတွေကို ပြည့်ပြည့်စုံစုံရေးနိုင်ဖို့ လိုပါတယ်။ 

Organization and Presentation (ဖွဲ့စည်းပုံကောင်းခြင်းနှင့်တင်ပြပုံကောင်းခြင်း) - အကြောင်းအရာ အချက်အလက်တွေကို အချိတ်အဆက်မိမိနဲ့ နိဒါန်း၊ စာကိုယ်၊ နိဂုံးမှာ အစီအစဉ်ကျကျ ရေးနိုင်ရပါမယ်။ ရေးတဲ့အကြောင်းအရာကို စာဖတ်သူစိတ်ဝင်စားအောင်လည်း ဖွဲ့နွဲ့တင်ပြနိုင်စွမ်း ရှိရပါမယ်။

Language (စကားလုံးအသုံးအနှုန်းနှင့် သဒ္ဒါ မှန်ကန်ခြင်း) - စကားလုံးများကိုသုံးရာတွင် လှလှပပနှင့် မှန်မှန်ကန်ကန်သုံးနိုင်ပြီး ဝါကျကိုလည်း ပုံစံအမျိုးမျိုးနဲ့ ဖွဲ့နွဲ့ရေးသားနိုင်ရပါမယ်။ စာလုံးရေ ကန့်သတ်ထားသည့်အတွက် စကားလုံးဖောင်းပွခြင်းမရှိဘဲ ကျစ်လျစ်သော အရေးအသား ဖြစ်စေရန် သတိပြုဖို့လိုပါတယ်။

ပေးစာနဲ့ စာစီစာကုံးရေးရာမှာ ထပ်မံသတိပေးလိုတာကတော့ စာလုံးရေ ကန့်သတ်ထား တာကို  သတိရှိဖို့ပါပဲ။ ဆီလျော်မှုရှိတဲ့ ပေးစာတွေ၊ စာစီစာကုံးတွေကို ကျစ်ကျစ်လျစ်လျစ် ထိထိမိမိ၊ သဒ္ဒါမှန်မှန်နဲ့ရေးဖို့ ရည်ရွယ်ချက်နဲ့ စာလုံးရေ ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကစပြီး ဒီလို စာလုံးရေ ကန့်သတ်လိုက်တဲ့အတွက် ကျောင်းသားကျောင်းသူတွေ ရေးသားတဲ့ စာပိုဒ်တွေက ပိုပြီး ဆပ်စပ်မှုရှိလာတယ်။ မဆိုင်တာတွေ ထည့်ရေးတာတွေ လျော့ကျလာတယ်။ ပိုမိုကျစ်လျစ်ပြီး ထိရောက်မှုရှိလာပါတယ်။ ဒါပေမယ့် တချို့ကတော့ အကြောင်းအရာတွေကို ထပ်တလဲလဲရေးပြီး စာမျက်နှာတွေသာများတယ် လိုအပ်တဲ့ အချက်အလက်တွေ မပါတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် စာမရေးခင်မှာ မိမိရေးသားမဲ့ အကြောင်းအရာကို သေသေချာချာ အစီအစဉ်ချပြီးမှ ရေးသင့်ပါတယ်။ ဒါမှသာ မေးထားတဲ့အချက်တွေ အားလုံးကို ထည့်သွင်းရေးသားနိုင်ပြီး အမှတ်ကောင်းကောင်းရမှာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေကို အထူးမှာချင်တာ ကတော့ ယခုနှစ်သင်ရိုးညွှန်းတမ်းမှာပါတဲ့ သင်ခန်းစာအားလုံးကို သေသေချာချာ လေ့လာမှတ်သားဖို့၊ စကားလုံးတွေ၊ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်တွေအပြင် သူတို့ကို ဘယ်လိုအသုံးပြုတယ် ဆိုတာကိုပါ သိရှိအောင် လေ့လာဖို့၊ reading comprehension တွေကို ဘယ်လိုဖြေဆိုရမယ် ဆိုတာသိရှိအောင် လေ့ကျင့်ထားဖို့ ကဗျာတွေကိုလည်း ရွတ်ဆိုနိုင်ရုံသာမက၊ အဓိပ္ပာယ်ဖွင့်ဆိုတတ်အောင် ကြိုးစားဖို့ လိုပါတယ်။ ပေးစာနဲ့စာစီစာကုံးတွေကိုလည်း သတ်မှတ်ထားတဲ့ စကားလုံးအရေအတွက် အတွင်းမှာ ကျစ်ကျစ်လျစ်လျစ်နဲ့၊ ဆီလျော်မှန်ကန်အောင် ရေးတတ်ဖို့လည်း လေ့ကျင့်ကြပါလို့ မှာကြားလိုပါတယ်။

ကျောင်းသားကျောင်းသူများအားလုံး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကို အခက်အခဲမရှိ ထူးထူးချွန်ချွန်နဲ့ ဖြေဆိုအောင်မြင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။