ပြည်ထောင်စုကြီး ထာဝရ တည်တံ့ခိုင်မြဲရေး

ပြည်ထောင်စုကြီး ထာဝရ တည်တံ့ခိုင်မြဲရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်)

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းတွင် နေ့ထူးနေ့မြတ်များအဖြစ် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အမျိုးသားနေ့ စသည်ဖြင့်ရှိကြသည်။ ထိုနေ့ထူးနေ့မြတ်များသည် တစ်ခုနှင့်တစ်ခု ပတ်သက်ဆက်နွှယ်လျက် ရှိသလို    ပေါ်ပေါက်လာရခြင်း အကြောင်းရင်းမှာ တစ်ခုတည်းသာဖြစ်သည်။ ထိုအကြောင်းရင်းမှာ မြန်မာနိုင်ငံသည် ကိုယ်ပိုင်အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်မှ သူတစ်ပါး အုပ်ချုပ်ခံ နိုင်ငံအဖြစ်သို့ ကျရောက်ခဲ့သောကြောင့် ဖြစ်သည်။

ကိုလိုနီနိုင်ငံအဖြစ်သို့ ကျရောက်သွားခဲ့သည့်အတွက် လွတ်လပ်ရေး ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့ကြရသည်။

ကိုလိုနီအစိုးရ၏ ပညာရေးကို ပထမဦးစွာ ဆန့်ကျင်သည့်ကျောင်းသား သပိတ်ပေါ်ပေါက်လာခြင်းမှ တစ်ဆင့် အမျိုးသားနေ့ဖြစ်လာခဲ့သည်။ ကိုလိုနီနိုင်ငံဖြစ်သွားခြင်းမှာ မြန်မာတို့တွင် ကိုယ်ပိုင်တပ်မတော် တစ်ရပ်မရှိခြင်းကြောင့် ဖြစ်သည့်အတွက် တပ်မတော်ကို စတင်ဖွဲ့စည်းကြသည်။ တပ်မတော်သည် ဖက်ဆစ်တော်လှန်ရေးကို ပြည်သူနှင့်အတူ ဦးဆောင်ဆင်နွှဲခဲ့ရသည်။ ထိုနေ့ကိုတပ်မတော်နေ့ဟု သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်ရေး မရသေးသည့်အတွက်   လွတ်လပ်ရေးရရှိရန် ဆက်လက်ကြိုးပမ်းကြရသည်။ ကိုလိုနီခေတ်တွင် နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကိုကြာရှည်စွာ အုပ်ချုပ်နိုင်ရေးအတွက် မြန်မာတိုင်းရင်းသား သွေးချင်းတို့အကြားတွင် အမျိုးမျိုး သွေးခွဲသပ်လျှိုခဲ့ကြသည်။ ရှေးယခင်ကတည်းက စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့သော တိုင်းရင်းသား သွေးချင်းများမှာ နီးလျက်နှင့်ဝေးကာ သူစိမ်းပြင်ပြင်ဖြစ်နေခဲ့သည်။ အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေး မဖြစ်မနေပေးရတော့မည့် အခြေအနေတွင် တောင်တန်းဒေသနေ တိုင်းရင်းသားများကို ချန်လှပ်ထားလိုသေးသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့တွင်  တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြပြီး  လွတ်လပ်ရေးကို တညီတညွတ်တည်း  အားလုံး အတူတကွရယူကြမည်ဟု သဘောတူညီခဲ့ကြသည်။ ထိုသဘောတူညီချက်ကို စာချုပ်ချုပ်ဆိုကာ လက်မှတ်ရေးထိုး မှတ်တမ်းတင်ခဲ့ကြသည်။ ထိုနေ့မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ဖြစ်သည်။ ထိုပင်လုံစာချုပ် ချုပ်ဆိုသောနေ့ကို ပြည်ထောင်စုနေ့အဖြစ် မော်ကွန်းတင်သတ်မှတ်ကာ နေ့ထူးနေ့မြတ်အဖြစ် အလေးအနက် ထားခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ ပြည်ထောင်စုနေ့သို့ ရောက်ရှိလေတိုင်း မြန်မာတိုင်းရင်းသား အပေါင်းတို့ ပျော်ရွှင်မဆုံးဖြစ်ကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ၂၀၂၂ ခုနှစ်တွင် ကျရောက်ခဲ့သော (၇၅)နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို စိန်ရတုဂုဏ်ဒြပ်နှင့် အညီ အထူးစည်ကား များပြားလှပစွာ ကျင်းပခဲ့သည်ကို ပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာကပါ မြင်တွေ့ကြပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုအောက်တွင် တိုင်းရင်းသား အားလုံးတို့ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ တန်ဖိုးထားခြင်းများနှင့်အတူ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မာလျက်ရှိကြောင်းကို အဆိုပါ စိန်ရတုပြည်ထောင်စုနေ့မြင်ကွင်းများက သက်သေပြလျက်ရှိခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ် တည်တံ့ရေးနှင့်ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်အောင်မြင်မှုကိုပြသနိုင်ခြင်းလည်း ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်နေထိုင်သည့် ပြည်ထောင်စု နိုင်ငံတစ်ခုအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ် တည်တံ့ရေးမှာ မရှိမဖြစ် အရာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းများအားလုံး ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း တည်ဆောက်လျက်ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှု ရှိနေမှလည်း တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ မြင့်မားလာမည်။   လူမှုစီးပွားဘဝ မြင့်မားလာသည်နှင့်အမျှ စည်းလုံးခြင်း၊ ညီညွတ်ခြင်းတို့နှင့်အတူ တိုင်းပြည်သာယာ ဝပြောလာမည်ဖြစ်သည်။ အချို့သော တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများ ရှိနေခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးလျက်ရှိသည်။ ဤသည်ကိုလည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိသည်။

၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့်   ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်း တည်ဆောက်ရေး၊ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေး ရရှိအောင်  တိုင်းရင်းသား လူမျိုးများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက် နှစ်ရပ်ပါဝင်သည်။ ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံကြီး အချို့အနေဖြင့် နိုင်ငံငယ်များ၏ ပြည်တွင်းရေး ကိစ္စများတွင် အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှု ပျက်ပြားစေရန်၊ စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်လျက် ရှိသည်ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး သိမြင်ကြပြီး ဖြစ်ပေရာ ပြည်ထောင်စုကြီး ထာဝရ တည်တံ့ခိုင်မြဲအောင်ပြည်တွင်း အင်အားဖြင့် ကြိုးပမ်း တည်ဆောက်ကြရမည်သာ ဖြစ်ပါကြောင်း။   ။