ချစ်စရာပြည်ထောင်စု တည်ထောင်ပြုကြစို့

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်)

ချစ်စရာပြည်ထောင်စု တည်ထောင်ပြုကြစို့

မိမိတို့၏ရှေးက ဘိုးဘေးဘီဘင်ဘောင်တို့ တည်ထောင်ပေးထားခဲ့သောမြန်မာနိုင်ငံကြီးကို မိမိတို့၏ နောင်လာနောက်သား မြေးမြစ် တီတွတ်ကျွတ်တိုင်အောင် တည်တံ့ခိုင်မြဲနေအောင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသားလူမျိုးများတို့သည် ရှေးပဝေသဏီနှစ်ပေါင်းများစွာကတည်းက မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့လေတွင် နေထိုင်ခဲ့ကြသူများဖြစ်ကြသည်။ ဆွေမျိုးရင်းချာဖြစ်ကြ၍ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ချစ်ချစ်ခင်ခင်နေထိုင်ခဲ့ကြသူများဖြစ်ကြသည်။

တိုင်းရင်းသား လူမျိုးပေါင်းတစ်ရာကျော်ရှိသည့် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးအရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးခိုင်မာနေမှ ပြည်ထောင်စုမပြိုမကွဲရှိနေမည်။ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲမှ  အချုပ်အခြာပြည့်အာဏာလည်းတည်တံ့နေမည် ဖြစ်သည်။ ထို့ကြောင့် ရှေးကအမြော်အမြင်နှင့် အစဉ်အလာကြီးမားသော လူကြီး များက မျိုးဆက်သစ်လူငယ် များအတွက် အမျိုးသားရေးမူဝါဒ တစ်ရပ်ချမှတ်ပေးခဲ့သည်။ ယနေ့ခေတ်ကာလတွင် ဒို့တာဝန် အရေးသုံးပါး ဟုခေါင်းစဉ်တပ်ကာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်းစောင့်ထိန်းရန်တာဝန်အဖြစ် သတ်မှတ် ပြဋ္ဌာန်းပေးထားသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် ပြည်ထောင်စုအသွင် ဖွဲ့စည်းတည်ဆောက်ထားသည့် မြန်မာနိုင်ငံအတွက် အထူးလိုအပ်လှသည့် အရေးကိစ္စဖြစ်သည်။ မြန်မာနိုင်ငံကို နယ်ချဲ့ကိုလိုနီတို့ အုပ်ချုပ်ခဲ့စဉ်က တိုင်းရင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားနေမှ ၎င်းတို့အုပ်ချုပ်မှုကြာရှည်မည်၊ အုပ်ချုပ်လို့ ပိုမိုကောင်းမွန်ပေမည်ဟူသောစိတ်ဖြင့် မြန်မာတိုင်းရင်းသား အချင်းချင်းကို သွေးခွဲအုပ်ချုပ်ခဲ့သည်။ စာပေသမိုင်းကြောင်းဆိုင်ရာ များတွင်လည်း တိုင်းရင်းသားလူမျိုးအချင်းချင်း ရန်လိုမုန်းထားနေမည့် အတွေးအခေါ်အယူအဆများ ရေးသားခဲ့ကြသည်။

မည်သို့ပင်ဖြစ်ပါစေ၊ တိုင်းရင်းသားအချင်းချင်းတို့သည် ညီရင်းအစ်ကို၊ မောင်ရင်းနှမစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုရှိခဲ့ကြသည်။ စည်းလုံးညီညွတ်မှုအရှိဆုံးအချိန်ကာလကိုလည်း သမိုင်းတွင်မှတ်ကျောက် တင်ထားပြီးဖြစ်သည်။ ထိုနေ့သည်ကား ၁၉၄၇ ခုနှစ်  ဖေဖော်ဝါရီ ၁၂ ရက်ဖြစ်သည်။ ဖြစ်စဉ်ကို အကျဉ်းချုပ်ရေးသားရလျှင် ထိုစဉ်ကမြန်မာနိုင်ငံကိုအုပ်ချုပ်နေသောအင်္ဂလိပ်တို့က မြန်မာနိုင်ငံကိုလွတ်လပ် ရေးပေးလျှင် တောင်တန်းဒေသများကိုချန်လှပ်ထားမည်။ ၎င်းတို့၏ကိုလိုနီအဖြစ်ဆက်လက်ထားရှိမည်။ ထို့ကြောင့် နိုင်ငံအတွင်းလှည့်လည်ကာ အင်္ဂလိပ်တို့ကစည်းရုံးကြသည်။

ထို့အတူ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့်အဖွဲ့ကလည်း တိုင်းရင်းသားဒေသများသို့သွား ရောက်ကာ ပွင့်ပွင့်လင်းလင်း ပြောဆိုရှင်းလင်းပြသည်။ ဘယ်သူခွဲခွဲ တိုင်းရင်းသားတို့ကွဲရန်မလိုပါ။ ဘယ်သူ ခြောက်ခြောက်ကြောက်နေရန်မလိုပါ။ ဘယ်သူချော့ ချော့ပျော့နေရန်မလိုပါ။ တောင်တန်းနှင့်မြေပြန့်မခွဲဘဲ လွတ်လပ်ရေးရယူကြရန် တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ပြည်သူများကဆန္ဒပြုကြသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့တွင်တွေ့ဆုံဆွေးနွေးကြပြီး ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီတွင် ပင်လုံစာချုပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤပင်လုံစာချုပ်သည်  မြန်မာ့လွတ်လပ်ရေး တံခါးမကြီးကိုဖွင့်ရန် သော့တစ်ချောင်းရရှိလိုက်သည့် ပမာဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသော့ဖြင့် ဖွင့်လိုက်သောအခါ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြစ်တည်လာခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့နေသမျှ ပြည်ထောင်စုကြီး ထာဝရတည်တံ့ ခိုင်မြဲနေမည်သာဖြစ်သည်။ ထိုသို့ခိုင်မြဲနေရန်မှာ တိုင်းရင်းသားများသာမက နိုင်ငံသားအားလုံးတို့၏ ပြည်တွင်း အင်အားဖြင့် ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ ကောင်းကျိုးစီးပွားကိုရှေးရှု၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေးဦးတည်ချက်(၁၂)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ အောင်မြင်မှုရလဒ်များကိုမြင်တွေ့နေကြရပြီဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်စေရေး ဆောင်ရွက်ခြင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်းများကို လည်း ဦးဆောင်ပေးလျက်ရှိသည်။

အနှစ်ချုပ်ဆိုရသော် တိုင်းရင်းသားပြည်သူအားလုံး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သာတူညီမျှဖြစ်ခြင်းဟူသည့် လွတ်လပ်သောနိုင်ငံ၏ အနှစ်သာရများကို အားလုံးခံစားနိုင်စေရန်အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီး ချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ချစ်စရာပြည်ထောင်စုကို တည်ထောင်ပြုကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေ သည်။  ။