ဝေဟင်ပေါ်လား ရေပြင်အောက်လား နေရာစုံမှာအသုံးဝင်စေမယ့်ဒရုန်း

ဝေဟင်ပေါ်လား ရေပြင်အောက်လား နေရာစုံမှာအသုံးဝင်စေမယ့်ဒရုန်း

တီထွင်ဆန်းသစ်မှု

ဒရုန်းဆိုတာ မောင်းသူမဲ့ယာဉ်အမျိုးမျိုးကို ဘုံအနေနဲ့ခေါ်ဝေါ်တဲ့ နာမ်စားတစ်ခုပါ။ မောင်းသူမဲ့ယာဉ်တွေထဲမှာ ဝေဟင်အတွက်ဆိုရင် မောင်းသူမဲ့လေယာဉ်၊ မြေပြင်အတွက်ဆိုရင် မောင်းသူမဲ့ကား၊ ရေပြင်အတွက်ဆိုရင် မောင်းသူမဲ့ရေယာဉ်၊ ရေအောက်အတွက်ဆိုရင် မောင်းသူမဲ့ရေငုပ်ရေယာဉ်ဆိုပြီး အမျိုးအစားများစွာပါဝင်ပါတယ်။

အဲဒီမောင်းသူမဲ့ယာဉ်အများစုက အသုံးပြုမယ့်နေရာတစ်ခုတည်းအတွက်သာ မူတည်ပြီးထုတ်လုပ်လေ့ရှိပါတယ်။ ခြင်းချက်အနေနဲ့ ကတော့ မောင်းသူမဲ့ကားကနေ မောင်းသူမဲ့လေယာဉ်အဖြစ်ကို ပြောင်းလဲသွားနိုင်တဲ့ ယာဉ်တော့ရှိပါတယ်။ ဒါပေမဲ့ မောင်းသူမဲ့ လေယာဉ်ကနေ မောင်းသူမဲ့ရေငုပ်ရေယာဉ်အဖြစ်ကို ပြောင်းလဲအသုံးပြုနိုင်မယ့်ယာဉ်ကတော့ အခုအချိန်အထိ မရှိသေးပါဘူး။

ဝေဟင်ပေါ်မှာပျံသန်းနေတဲ့ လေယာဉ်တစ်စင်းက ရေအောက်မှာသွားလာနိုင်ပါ့မလား။ တကယ်တမ်းရော ဖြစ်လာနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအတွက် အဖြေကတော့ မဖြစ်နိုင်တာ မရှိဘူးဆိုတာပါပဲ။ ဟုတ်ပါတယ်။ မဖြစ်နိုင်တာမရှိဘူးဆိုတာကို လက်တွေ့ သက်သေပြလိုက်သူများကတော့ ဟောင်ကောင်ဒေသရှိ တရုတ်တက္ကသိုလ်မှ   သုတေသနအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။

သူတို့အဖွဲ့ကိုဦးဆောင်သူက ဘန်ချန်းဖြစ်ပြီး   သူ့အဖွဲ့အနေနဲ့ ထုတ်ဖော်ပြသလက်တွေ့စမ်းသပ်လိုက်တဲ့အရာက ဒလက်လေးခုပါ မောင်းသူမဲ့ ယာဉ်ရှေ့ပြေးပုံစံပါပဲ။ သာမန်ရှေ့ပြေးပုံစံတော့မဟုတ်ပါဘူး။ အထက်မှာပြောခဲ့သလိုပဲ ဝေဟင်ပေါ်မှာသာမက ရေပြင် အောက်မှာပါ သွားလာနိုင်တဲ့ မောင်းသူမဲ့ယာဉ်ပုံစံပါ။

သူတို့ရဲ့ယာဉ်ကို Mirs-X လို့နာမည်ပေးထားပါတယ်။ သူတို့ထုတ်ဖော်ပြသလိုက်တဲ့ ဗီဒီယိုထဲမှာ Mirs-X က လေထဲမှာ ၆ မိနစ်ကြာ ပျံသန်းပြီး ရေအောက်အနက် ၃ မီတာမှာ မိနစ် ၄၀ ကြာနေပြသွားတာကို တွေ့လိုက်ရပါတယ်။

တီထွင်ဆန်းသစ်မှုတွေနဲ့လှပနေတဲ့ Mirs-X ကိုတော့ IEEE International Conference on Robotics and Automation ဆိုတဲ့ပွဲမှာ အသေးစိတ်ထုတ်ဖော်မိတ်ဆက်သွားမှာပါ။

ဘန်ချန်းအဖွဲ့က ထုတ်ဖော်ပြသတဲ့ဗီဒီယိုကိုကြည့်လိုက်ရင် Mirs-X က လေပေါ်မှာ လင်းယုန်ငှက်တစ်ကောင်လို  ပျံသန်းနိုင်ရုံ သာမက ရေအောက်ထဲမှာ ငါးတစ်ကောင်လိုသွားလာနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုမျိုး စိတ်ဝင်စားမှုနဲ့ဆွဲဆောင်မှုရှိလှတဲ့ Mirs-X ရဲ့အရည်အချင်းများကြောင့် လေ့လာရေး၊ စူးစမ်းရှာဖွေရေး၊ သိပ္ပံဆိုင်ရာ သုတေသနလုပ်ဆောင်ရေးသာမက အရင်က တစ်ခါမှမမြင်ခဲ့ဖူးတဲ့ လုပ်ဆောင်မှုတွေကိုပါ မြင်တွေ့လာရဖွယ်ရှိပါတယ်။ သုတေသနပညာရှင်များဟာ Mirs-X ရဲ့ မော်တာတစ်လုံး စီမှာ အရှိန်နှုန်းနှစ်မျိုးနဲ့ လည်ပတ်နိုင်တဲ့ ဂီယာဘောက်တစ်ခုစီ ထည့်ထားပါတယ်။

ဒါ့အပြင် ပန်ကာရွက်တွေကို လိုအပ်တဲ့နေရာဆီ ဦးတည်သွားလာနိုင်စေဖို့အတွက်လည်း အဆင့်မြှင့်တင်တပ်ဆင်ထားပါတယ်။ ဒီလို တပ်ဆင်ထားခြင်းအားဖြင့် ရေပေါ်မှာသာမက ရေအောက်မှာပါ ရေရဲ့လှုပ်ရှားမှုကိုထိန်းချုပ်နိုင်မှာပါ။

Mirs-X အနေနဲ့ အောင်မြင်မှုရှိတဲ့ မောင်းသူမဲ့ယာဉ်တစ်စင်းဖြစ်ဖို့ဆိုရင် သူ့ရဲ့တိကျမှုရှိတဲ့ ပန်ကာရွက်လည်ပတ်နှုန်းက အခရာကျ ပါတယ်။ ကျွန်တော်တို့ အားလုံးသိကြတဲ့အတိုင်း ရေထက်လေက သိပ်သည်းဆပိုနည်းပါတယ်။ ဒါကြောင့် Mirs-X အနေနဲ့ လေထဲမှာ ရပ်တန့်ပျံဝဲပြီး အပေါ်ကိုပျံတက်ဖို့ဆိုရင် ပန်ကာရွက်တွေဟာ အလွန်လျင်မြန်တဲ့နှုန်းနဲ့လည်ပတ်ဖို့လိုအပ်ပါတယ်။

တစ်ချိန်တည်းမှာပဲ Mirs-X ဟာ ရေအောက်ထဲမှာ သွားမယ်ဆိုရင်တော့ ပန်ကာရွက်တွေရဲ့ လည်ပတ်နှုန်းကို အလွန်နည်းပါးတဲ့ အနေအထားအထိ လျှော့ချရမှာပါ။   ဒါမှပဲ လိုအပ်တဲ့ ရေအောက်တွန်းကန်အားကိုရရှိမှာ ဖြစ်ပါတယ်။

Mirs-X ရဲ့အရွယ်အစားဟာ တကယ့်ကိုသေးသေးလေးပါ။ အလေးချိန်အားဖြင့် ၃ ပေါင်ခွဲမျှသာရှိပြီး အတိုင်းအတာအားဖြင့် ၁၅ လက်မခန့်သာရှိပါတယ်။ဒါပေမဲ့ Mirs-X ရဲ့အရွယ်အစားကို ၆ ပေဝန်းကျင်အထိတိုးမြှင့်သွားဖို့ ဘန်ချန်းဦးဆောင်တဲ့ သုတေသန အဖွဲ့က မျှော်မှန်း ထားပါတယ်။ အနာဂတ်မှာထွက်ပေါ်လာမယ့် Mirs-X ဟာ အခုထက်ပိုမိုစုံလင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာ ဦးမှာပါ။ ဥပမာအားဖြင့် ရေအောက်အရာဝတ္ထုတွေကို သယ်ဆောင်ခြင်း၊ ဆွဲယူခြင်းတို့လိုမျိုး လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

သူ့မှာရှိနိုင်တဲ့ အခက်အခဲတစ်ခုက Mirs-X ကို ရေအနက်ပိုင်းအထိ အသုံးပြုနိုင်ဖို့အတွက် ရေလုံအောင်လုပ်မယ်ဆိုရင် စွမ်းဆောင်ရည် လျော့ကျသွားနိုင်ခြင်းပါပဲ။ သို့သော်လည်း အဲဒီအခက်အခဲကို ကျော်လွှားသွားနိုင်ပြီဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်များ ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ၊ အင်ဂျင်နီယာလုပ်ငန်းတွေမှာ အလွန်ကိုအဖိုးတန်လှတဲ့ အထောက်အပံ့ကောင်းတွေ ပေးအပ်နိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

Ref: IE

ကိုထက်