(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများအား တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများအား  တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ဝန်ကြီးချုပ် များ၊   တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၆)နှစ်မြောက် ပြည်ထောင် စုနေ့ သဝဏ်လွှာကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ဖတ်ကြားကြ သည်။

        ထို့နောက် (၇၆)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာန အလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန် ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုစသည့် ပြခန်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့နှင့် သက်ဆိုင် သည့် ပြခန်းများနှင့် သုတ၊ ရသ၊ စာစောင်ပြခန်းများကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို လည်းကောင်း တာဝန်ရှိသူများက ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့် အတူ လိုက်လံ ကြည့်ရှု အားပေးကြသည်။

ထို့ပြင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများသီးသီးပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာသူများအား တိုင်းရင်းသားရိုးရာ အစားအစာ စတုဒီသာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရှိရသည်။

 ညပိုင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဒေသတို့၌ ရောင်စုံမီးပန်းအလှများနှင့် ပျော်ပွဲရွှင်ပွဲများ အသီးသီး ကျင်းပခဲ့ကြောင်း သတင်းရရှိ သည်။