(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း ( BE.FALLS) တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲ

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း ( BE.FALLS) တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ လာရောက်လေ့လာ အပန်းဖြေအနားယူသူများဖြင့် နေ့စဉ် စည်ကား လျက်ရှိကြောင်း သိရသည်။

ယခုအခါ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)အနေဖြင့် (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ရှုခင်းများကို အမြင့်မှ ကြည့်ရှုနိုင်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် စီးနင်းနိုင်မည့် Sky cable Car ပြေးဆွဲ ခြင်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါ Sky cable Car ပြေးဆွဲမည့် လမ်းကြောင်းအနေဖြင့် အသွား/အပြန် (၁၁၀၈) မီတာ ရှည်လျားကာ Drive Station House ၊ Return Station House အဆောက်အဦ(၂)လုံး၊ Tower (၆)ခု ပါဝင် တည်ဆောက်ထားပြီး လူလိုက်ပါစီးနင်းနိုင်သည့် (၄)ယောက်စီး Cabins (၃၆)လုံး တပ်ဆင်မောင်းနှင်လျက်ရှိကြောင်း၊ အသွား/အပြန် Full Circle တစ်ပတ်လျှင် (၂၄)မိနစ် ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ Skycable Way တည်ဆောက်ခြင်း၊ စမ်းသပ်မောင်းနှင် ခြင်း၊ Safety Precaution ၊ Emergency Rescue Drills ဆောင်ရွက်ခြင်း လုပ်ငန်း များအား အောင်မြင်စွာ စစ်ဆေးစမ်းသပ်ဆောင်ရွက် ပြီးဖြစ်၍ လာရောက်လည်ပတ် အပန်းဖြေအနားယူသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် Sky Cable Car စီးနင်း နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) အနေဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက်လည်ပတ် အပန်းဖြေအနားယူသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးအတွက် အဆင့်မြင့်တင်မှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။