တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ဆန္ဒပြည့်ဝရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်)

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ဆန္ဒပြည့်ဝရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂ နှစ်ပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်စပ်လျဉ်း၍ တင်ပြချက်များတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ “အစိုးရအနေဖြင့် လက်တွေ့ကျ သည့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် (NCA) ကိုအခြေခံသည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ နိုင်ငံရေးအပိုင်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးပါ သည့်အတွက်ကြောင့် တိုင်းရင်းသားညီအစ်ကိုများကြား သံသယများဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားတည် ဆောက်လျက်ရှိပါကြောင်း” ထည့်သွင်းတင်ပြခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်း သာယာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လျှောက်လှမ်းနေခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း များနှင့် သက်ဆိုင်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ကြ မည်ဆိုပါက မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ တစ်နည်းဆိုရသော် ပစ်ခတ်တိုက်ခိုက်မှုများချုပ်ငြိမ်းကာ ပြည်သူ တစ်ရပ်လုံး ပျော်ရွှင်မဆုံး ဖြစ်နေပေလိမ့်မည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွား မည်” ဟူ၍ချမှတ်ထားသည်။ ချမှတ်ထားသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်အနေဖြင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ် တစ်နှစ်တာကာလသာမကဘဲ ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလပတ်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို သက်တမ်းတိုးမြှင့်ပေးထားခြင်းဖြစ်သည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ခဲ့မှုပေါင်းမှာ ၂၂ ကြိမ်ရှိခဲ့ပြီဖြစ်သည်။

နိုင်ငံတော်အစိုးရ အဆက်ဆက်တို့သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နည်းလမ်းပေါင်းစုံဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်အတွင်း ငြိမ်းချမ်းသာယာမှု ရှိရေးသည်အရေးကြီးကြောင်း အလေးအနက်ခံယူထားရှိ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေးကို သန့်ရှင်းဖြူစင်သောစိတ်ထားဖြင့်၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့မှ ခေါင်းဆောင်များကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှု ပြုခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက် လာခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ပွင့်လင်းမြင်သာစွာဆွေးနွေးမှုပြုခဲ့ရာ တတိယအကြိမ်ထိ ဆွေးနွေးနိုင်ခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် စစ်မှန်သည့်ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့နှင့် ပတ်သက်သည်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်နိုင်သည်နှင့်ဖြစ်သင့်ဖြစ်ထိုက်သည်ကို ပွင့်လင်းမြင်သာစွာ အကျေအလည် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှု ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့သည့်အပြင် ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း(၁/၂/၃) သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)ပါ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့် ဇယား(၂)ပါဆွေးနွေးရန် အချက်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ဤသည်မှာ ပြည်သူများ မျှော်လင့်နေသော ငြိမ်းချမ်းရေးအောင်မြင်မှုဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရရှိရန်မှာ အဓိကအကြောင်းအချက်ဖြစ်ပေရာ ကျန်ရှိနေသော အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေး လမ်းကြောင်း တွင်လျှောက်လှမ်းရင်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဆန္ဒကိုဖြည့်ဆည်းပေးရန်ဖြစ်ပါကြောင်း။   ။