သွေးကင်ဆာရောဂါခံစားနေကြရတဲ့ နျူကလီးယားဒုံးကျည်စခန်းများမှ အမေရိကန်စစ်သည်များ

သွေးကင်ဆာရောဂါခံစားနေကြရတဲ့ နျူကလီးယားဒုံးကျည်စခန်းများမှ အမေရိကန်စစ်သည်များ

နျူကလီးယားဒုံးကျည်စခန်းများမှာရှိတဲ့ အမေရိကန်စစ်သည်များကတော့ သွေးကင်ဆာရောဂါကို ခံစားနေရပါတယ်။ တချို့ဆိုရင် အဲဒီရောဂါနဲ့ပဲ ကွယ်လွန်သွားကြရပါပြီ။

ဒီအကြောင်းကို ထုတ်ဖော်ပြောလာသူကတော့  မွန်တားနားပြည်နယ်ရှိ မဲစထရွန်လေတပ်စခန်းမှာ  တာဝန်ထမ်းဆောင် သူများအနက် နှစ်ပေါင်း ၅၀ အတွင်း ကင်ဆာရောဂါဖြစ်ပွားသူအယောက် ၃၀ ကိုတွေ့ရှိဖော်ထုတ်နိုင်ခဲ့သူ အာကာသ တပ်ဖွဲ့မှအရာရှိတစ်ဦးပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကောက်ယူရရှိခဲ့တဲ့ အချက်အလက်များအရဆိုရင် ပြန်ရည်ဂလင်းကင်ဆာရောဂါခံစားနေရသူ ၁၄ ဦးနဲ့   အဲဒီရောဂါကြောင့်ပဲ  သေဆုံးသူ လေးဦးရှိတာကို တွေ့ရတယ်လို့  Washin-gton Post သတင်းစာက ဖော်ပြထားပါတယ်။

အထူးသဖြင့်  အသက် ၃၇ နှစ်သာရှိသေးတဲ့ လေတပ်ဗိုလ်မှူးမာ့ဟွမ်းအနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ပြန်ရည်ဂလင်းကင်ဆာကြောင့် ကွယ်လွန်သွားမှုအပေါ်သတင်းစာက အလေးပေးဖော်ပြထားတာပါ။

ဒါ့အပြင် သူနဲ့အတူ လေတပ်စခန်းတစ်ခုတည်းမှာ တာဝန်ကျတဲ့စစ်သည်တွေလည်း အလားတူရောဂါဖြစ်ပွားတယ်လို့ ဆိုပါတယ်။  ဒါပေမဲ့ အကြောင်းရင်းကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး။

ဗိုလ်မှူးမာ့ဟွမ်းအနေနဲ့ ကင်ဆာရောဂါဖြစ်ပွားရခြင်းက မဲစထရွန်လေတပ်စခန်းရဲ့ မြေအောက်ဒုံးစခန်းများမှာ  နာရီပေါင်းများစွာကြာ နေထိုင်ခဲ့ခြင်းကြောင့်ဖြစ်လိမ့်မယ်လို့ လေတပ်ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ဇန်နဝါရီ ၁၁ ရက် ရက်စွဲနဲ့ရေးသားထားတဲ့စာမှာ  ဖော်ပြထားပါတယ်။

အဓိကက ၁၉၆၀ ပြည့်နှစ်အလွန်ကာလများမှာတည်ဆောက်ခဲ့တဲ့  မြေအောက်ဒုံးပစ်စခန်းများရှိ ရေဒွန်ဒြပ်စင် အပါအဝင် အခြားသောဓာတုပစ္စည်းများနဲ့ ထိတွေ့ရမှုကြောင့်   ဗိုလ်မှူးမာ့ဟွမ်းတစ်ယောက် ကင်ဆာရောဂါခံစားခဲ့ရဖွယ် ရှိတယ်လို့ စာမှာဆက်လက်ဖော်ပြထားတာ တွေ့ရပါတယ်။

အခုလိုမျိုးဖြစ်စဉ်တွေ ဖြစ်ပွားနေရခြင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ချစ်ခင်သူများကို   ဆုံးရှုံးသွားရသူတွေ၊ လက်ရှိမှာဆိုရင်လည်း ကင်ဆာရောဂါကို ရင်ဆိုင်ခံစားနေရသူတွေအတွက် ရင်နဲ့မချိအောင်ခံစားရကြောင်း  လေတပ်ဒုတိယဗိုလ်မှူးကြီးက ပြောထားပါတယ်။

အခုဆိုရင်  နျူကလီးယားဒုံးစစ်သည်အများအပြားဟာ ကင်ဆာရောဂါခံစားနေရတယ်ဆိုတာကို ဖော်ထုတ်တွေ့ ရှိလာပါပြီ။ အများစုခံစားနေရတဲ့ ကင်ဆာရောဂါကတော့  ပြန်ရည်ဂလင်းကင်ဆာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ လေတပ်လေကြောင်းအာကာသဆေးကျောင်းကနျူကလီးယားဒုံးစစ်သည်များမှာ ကင်ဆာရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။

တစ်ချိန်တည်းမှာပဲ   လွှတ်တော်ဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေစတင်လုပ်ဆောင်နေပါတယ်လို့  လေတပ်မှတစ်ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေးကွပ်ကဲမှုဌာနချုပ်မှူး သောမတ်အေဘတ်စီးယားကပြောပါတယ်။

ပြန်ရည်ဂလင်းကင်ဆာဆိုတာ လူတစ်ဦးရဲ့ပြန်ရည်အဖုအကျိတ်   ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါများမှာတွေ့ရှိနိုင်တဲ့ ပြန်ရည်တစ်သျှူးတို့မှာ  စတင်အခြေတည်တဲ့ သွေးကင်ဆာရောဂါတစ်မျိုးပါ။

အခုအချိန်မှာဆိုရင် မြောက်ဒါကိုတာပြည်နယ်ရှိ   မိုင်းနော့လေတပ်စခန်းနဲ့ ဝိုင်အိုးမင်းပြည်နယ်ရှိ အက်ဖအီးဝါရန် လေတပ်စခန်းတို့မှာ တာဝန် ထမ်းဆောင်နေကြတဲ့ နျူကလီးယားဒုံးစစ်သည်များရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေရှိလာပါပြီ။

အဲဒီလေတပ်စခန်းတွေမှာ နျူကလီးယားဒုံးကျည်တွေအတော်များများကို သိမ်းဆည်းထားတာဖြစ်ပြီး  အရေအတွက် အားဖြင့်လည်း အတူတူလောက်ရှိပါတယ်။

ဒါ့အပြင် အမှတ်(၃၄၁) ဒုံးတပ်ဖွဲ့တည်ရှိရာ မဲစထရွန်လေတပ်စခန်းဆိုရင်လည်း အခုဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိရှိထားပေမယ့်  အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောထားခြင်းမရှိပါဘူး။

မဲစထရွန်လေတပ်စခန်းဆိုတာ  မြေအောက်အခြေစိုက်ပစ်ခတ်နိုင်တဲ့ Minu teman IIIအမည်ရှိ တိုက်ချင်းပစ်ဒုံးကျည် အများအပြားကိုသိုလှောင် သိမ်းဆည်းထားရာစခန်းများအနက် တစ်ခုအပါအဝင်ပါ။ အမှတ်(၃၄၁) ဒုံးတပ်ဖွဲ့မှာ တန်းပြည့်စစ်မှုထမ်း ၃၃၀၀ ကျော်နဲ့ အရပ်သားအင်အား ၆၀၀ ခန့်ပါရှိပါတယ်။

မဲစထရွန်လေတပ်စခန်းမှာအခြေချနေတဲ့ စစ်သည်အင်အား ၃၃၀၀ ထဲကမှ အယောက် ၄၀၀ ဝန်းကျင်က နျူကလီးယားဒုံးစစ်သည်များအဖြစ် လည်းကောင်း၊ နျူကလီးယားဒုံးစစ်သည်များရဲ့လုပ်ငန်းကို အကူအညီပေး သူများအဖြစ် လည်းကောင်း တာဝန်တွေကို ထမ်းဆောင်နေရတာပါ။

နှစ်စဉ်အမေရိကန်နိုင်ငံသားအယောက် ၁ သိန်းမှာ ၁၉ ယောက်ခန့်က ပြန်ရည်ဂလင်းကင်ဆာရောဂါခံစားနေရသူများ ဖြစ်ပါတယ်။

ဒါကြောင့်  နျူကလီးယားဒုံးစစ်သည်ရာဂဏန်းလောက်ထဲကမှ လက်ရှိကင်ဆာရောဂါဖြစ်နေသူ  ဆယ်ဂဏန်းခန့်ရှိနေ တယ်ဆိုတာဟာ   တကယ့်ကိုသတိပေးခေါင်းလောင်းသံပါပဲ။

နောက်တစ်ချက်က  ပြန်ရည်ဂလင်းကင်ဆာရောဂါကိုခံစားရသူ သာမန်ပြည်သူများဟာ အသက် ၆၀ ကျော်သူများသာဖြစ်ပေမယ့် အသက် ၂၀ ကျော်မှာ ဒုံးစခန်းများမှာ လုပ်ငန်းခွင်စဝင်ခဲ့တဲ့  နျူကလီးယားဒုံး စစ်သည်များကတော့ အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်မှာ ပြန်ရည်ဂလင်းကင်ဆာရောဂါကို ခံစားနေရတာ ဖြစ်ပါတယ်။

အမေရိကန်စစ်သည်အများစုဟာ ကျန်းမာရေးထိခိုက်စေတဲ့ ဘေးအန္တရာယ်နဲ့ရင်ဆိုင်ကာ တာဝန်များထမ်းဆောင် နေရတယ်လို့ ထုတ်ပြန်ချက်များထွက်ပေါ်လာစဉ် အခုလိုမျိုး ကင်ဆာရောဂါဖြစ်ပွားမှု သတင်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အစိုးရပိုင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်သည်များကို ကျန်းမာရေး စောင့်ရှောက်ကုသမှုပေးဖို့အတွက် ဥပဒေတချို့ပြဋ္ဌာန်းလိုက်တာ ရှိပါတယ်။

အဲဒီဥပဒေတချို့ထဲကမှတစ်ခုဟာဆိုရင် လက်ရှိတာဝန်ထမ်းဆောင်ဆဲစစ်သည်တွေ၊   အငြိမ်းစား ယူထားတဲ့စစ်သည် တွေအနေနဲ့ သူတို့တာဝန်ထမ်းဆောင်စဉ် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ရင်ဆိုင်ခဲ့ရတယ်ဆိုရင်  ဘယ်လိုအချက်အလက်အထောက်အထားမှ မလိုဘဲ ဆေးကုသမှုကို  အပြည့်အဝ ခံယူခွင့်ရှိတယ်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ 

Ref: EurAsianTimes