အကြမ်းဖက်အဖျက်သမားတို့ကျဆုံးတော့မည်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်)

အကြမ်းဖက်အဖျက်သမားတို့ကျဆုံးတော့မည်

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်တွင် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေခြင်းဖြစ်၍ အကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီ ထောက်ပံ့မှုမပြုဘဲ အကြမ်းဖက်သမားတို့၏ သတင်းကို လျှို့ဝှက်စွာပေးပို့ခြင်းဖြင့် အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် အသိပေးထားသည်။ ပြည်သူတစ်ရပ်လုံးက အကြမ်းဖက်သမားတို့ကိုအလိုမရှိကြပါ။ ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင် အကြမ်းဖက်သမားတစ်ဦးဦး ရှိနေမှန်းသိလျှင် သက်ဆိုင်ရာသို့သတင်းပေးပို့ခြင်းဖြင့် အကြမ်းဖက်မှု ပပျောက်ရေးကို လုပ်ဆောင် လျက်ရှိကြသည်။

မိမိပတ်ဝန်းကျင်တွင် အဖျက်သမားတစ်ယောက်ရှိနေလျှင် မိမိနှင့်မိသားစုများ၊ အပြစ်မဲ့လူသားများ ဒုက္ခရောက်တော့မည်ကို တွေးဆဆင်ခြင်ပါ။ အကြမ်းဖက်အဖျက်သမားများသည် အစိုးရတစ်ရပ်ကို ဆန့်ကျင်ခြင်းထက် ပြည်သူတစ်ရပ်လုံး လူမှုစီးပွားရေး ဘဝကိုပျက်စီးအောင် ဖျက်နေသူများသာဖြစ်သည်။ မီးရထားလမ်း၊ ကားလမ်း၊ တံတားများနှင့် လျှပ်စစ်တာဝါတိုင်တို့မှာ သက်မဲ့ အရာများသာဖြစ်ပြီး လူသားတို့ကို ကောင်းကျိုးပြုသည့် အရာများသာဖြစ်သည်။ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး၊ ဆက်သွယ်မှု လျင်မြန်ချောမောစေရေး၊ ခရီးသွားလာမှုမြန်ဆန်စေရေးတို့မှာ ပြည်သူတို့အတွက် အစိုးရအဆက်ဆက်က တည်ဆောက်ပေးထား သည့် လူမှုစီးပွားရေး အထောက်အကူပြု အရာများဖြစ်သည်။ ထိုအရာများကို အကြောင်းမဲ့ပျက်စီးအောင် ဖျက်ဆီးနေခြင်းမှာ လွန်စွာယုတ်မာ အောက်တန်းကျလွန်းသော အဖျက်လုပ်ရပ်ဖြစ်သည်။

မိမိပတ်ဝန်းကျင်တွင် သို့မဟုတ် မိမိ၏ အသိမိတ်ဆွေများထဲတွင် တိုင်းပြည်ပျက်စီးရေး လုပ်ဆောင်နေသည်ကို အားပေးခဲ့သော် သင်သည်လည်း အကြမ်းဖက်သမားတစ်ဦး ဖြစ်သွားပေလိမ့်မည်။ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော အဖွဲ့များ နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ပြည်ပကူညီအားပေးမှုများဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးမှာ ပြည်သူလူထု၏ဆန္ဒကို အကောင်အထည်ဖော်ပေးနေခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ် ခိုင်မာရေးတွင် အကြီးမားဆုံးသော အနှောင့်အယှက်အဖျက်အဆီးမှာ လက်နက်ကိုင်ပဋိပက္ခနှင့် ပြည်သူတို့ကို သတ်ဖြတ်နေသော  NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ  PDF  အမည်ခံအကြမ်းဖက်အုပ်စုများ၏ လုပ်ရပ်များဖြစ်သည်။ ထိုလုပ်ရပ်ဆိုးများကြောင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ နောက်ထပ်(၆)လ သက်တမ်းတိုးမြှင့်ခြင်းဖြစ်သည်။

အကြမ်းဖက်အဖွဲ့အစည်းဆိုသည်မှာ လူမှုပတ်ဝန်းကျင်တွင် လုံးဝမရှိသင့်သည့် အဖွဲ့အစည်းဖြစ်သည်။ ယင်းတို့၏လုပ်ရပ်များသည် ပြည်သူလူထုလူမှု စီးပွားဘဝပျက်စီးရေးကိုသာ ဦးတည်လုပ်ဆောင်နေသော အဖျက်လုပ်ရပ်များဖြစ်ကြောင်း ထင်ရှားစွာမြင်တွေ့ နိုင်သည်။ အဆိုပါ NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အုပ်စုများ၏လုပ်ရပ်များကို ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးနေပြီဖြစ်သည်။

အကြမ်းဖက် အဖျက်သမားများ၏လုပ်ရပ်များကြောင့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ အစိုးရ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်အရပ်သားအပါအဝင် စုစုပေါင်းသေဆုံး ၅၄၄၃ ဦးနှင့်ဒဏ်ရာရ ၄၅၇၇ ဦး၊ ဗုံးဖောက်ခွဲမှုအနေဖြင့် ကားလမ်း ၁၀၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊  တံတား ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ်၊ မီးရှို့ဖျက်ဆီးမှုအနေဖြင့် ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သံဃာ ၇၀ ပါး၊ သီလရှင် ၂ ပါး၊ ပညာရေးဝန်ထမ်း ၆၆ ဦးနှင့်ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦးသေဆုံးမှုများရှိခဲ့သည်။

အဆိုပါ NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အုပ်စုများအနေဖြင့်လည်း တိုင်းသူပြည်သားများပျက်စီးရေး၊ ပြည်သူပိုင်ပစ္စည်းများပျက်စီးရေးနှင့် အကြောင်းမဲ့လူသတ်နေခြင်းတို့ကို လုပ်ဆောင်ခြင်းကြောင့် မကြာမီအချိန်အတွင်း ကျဆုံးတော့ မည်သာဖြစ်သည်။ ယင်းတို့အား သွေးထိုးမြှောက်ပင့်ပေးနေသော ပြည်ပနိုင်ငံများအနေဖြင့်လည်း လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေးတို့ကို   အမှန်တကယ်လိုလားပါလျှင် အဆိုပါ NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ  PDF  အမည်ခံ အကြမ်းဖက်အုပ်စုများအား ကူညီခြင်းကို မှန်ကန်စွာချင့်ချိန် သုံးသပ်စဉ်းစားဆုံးဖြတ်ရန် အချိန်သင့်ပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဖြစ်ပေရာ ကောင်းမှုပြုသူသည် ကောင်းကျိုးခံစားရပြီး မကောင်းမှုပြုသူမှာ မကောင်းကျိုးကိုသာ ခံစားရမည်ဖြစ်သည်။  မြန်မာ့သမိုင်းတစ်လျှောက်တွင်လည်း နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာဖောက် သည့်အကြမ်းဖက်လူသတ်သမားတို့မှာ ဘဝကိုမလှမပဖြင့်သာ နိဂုံးချုပ်သွားသည်မှာထင်ရှားသော သာဓကများစွာ ရှိပါကြောင်း ရေးသားလိုက်ရပေသည်။    ။