စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်က လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်ပြီး ဘာစီလိုနာအသင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်

စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်က လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်ပြီး ဘာစီလိုနာအသင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်

စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်က  လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်ပြီး  ဘာစီလိုနာအသင်းကို စွဲချက်တင်ကာ အရေးယူမှုပြုလုပ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ စပိန်လာလီဂါဒိုင်အဖွဲ့ချုပ်နှင့် နည်းစနစ်ကော်မတီဒုတိယဥက္ကဋ္ဌ အန်ရီကွက်ထံသို့ တရားမဝင်သည့်ငွေကြေး  ယူရို ၁ ဒသမ ၄ သန်း လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခဲ့သည်ဟု  စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်က စွဲချက်တင်မှုပြုလုပ်ခဲ့ပြီး    လက်ရှိတွင်စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌဟောင်း    ဘာတိုမြူတာဝန်ယူကိုင်တွယ်စဉ်က   ဘာစီလိုနာအသင်းက အန်ရီကွက်ပိုင်ဆိုင်သည့် ကုမ္ပဏီထံသို့ ယူရို ၁ ဒသမ ၄ သန်းကို တရားမဝင်နည်းလမ်းဖြင့် ပေးခဲ့ခြင်းဖြစ်သည်ဟု စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်ကစွဲချက်တင်ထားခြင်းဖြစ်သည်။

 အဆိုပါစွဲချက်များ      ထွက်ပေါ်လာပြီးနောက် အန်ရီကွက်က ဘာစီလိုနာအသင်းသည် စပိန်လာလီဂါ မှ ဒိုင်လူကြီးများ အရည်အသွေးမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ယူရို ၁ ဒသမ ၄ သန်း လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။

သို့သော်    စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာအသင်းအနေဖြင့်      စပိန်လာလီဂါမှ  ဒိုင်လူကြီးများ အရည်အသွေးမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုရန် လှူဒါန်းသည်ဆိုပါက စပိန်လာလီဂါဒိုင် ကော်မတီထံ  တိုက်ရိုက်လှူဒါန်းရမည်ဖြစ်သော်လည်း ယခုအခါ  အန်ရီကွက်၏ကုမ္ပဏီထံ  လှူဒါန်းခဲ့ခြင်း ဖြစ်သည့်အတွက်   မရိုးသားသော လုပ်ဆောင်ချက်ဖြစ်ကြောင်း    ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ  ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက မိမိတို့အနေဖြင့် စပိန်လာလီဂါဘောလုံး အဖွဲ့ချုပ်၏ စွဲချက်များနှင့် ပတ်သက်ပြီး  ကာကွယ်ရန် တတ်နိုင်သမျှ လုပ်ဆောင်မည်ဟု  ပြောကြားခဲ့ကြောင်း  သိရသည်။                            

Ref;Marca