ရမည်းသင်းမြို့နယ်၌ ဆောင်းရာသီတွင် စိုက်ပျိုးထားသည့် စပျစ်များ စတင်ထွက်ရှိနေပြီး အရည်အသွေး ကောင်းမွန်

ရမည်းသင်းမြို့နယ်၌ ဆောင်းရာသီတွင် စိုက်ပျိုးထားသည့် စပျစ်များ စတင်ထွက်ရှိနေပြီး အရည်အသွေး ကောင်းမွန်

ရမည်းသင်း ဖေဖော်ဝါရီ ၁၆

    မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌   ဆောင်းရာသီတွင် စိုက်ပျိုးထားသည့် စပျစ်များ စတင်ထွက်ရှိနေပြီး အရည်အသွေး ကောင်းမွန်လျက်ရှိကြောင်း  စပျစ်စိုက်ပျိုးသူများ၏ ပြောဆိုချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းမြို့နယ်အပါအဝင် ပြည်တွင်း၌ စိုက်ပျိုးသည့်စပျစ်များသည်     ရာသီမရွေး ထွက်ရှိနေသော်လည်း မိုးရာသီစပျစ်များမှာ အရည်အသွေးပိုင်း အားနည်းချက်များရှိပြီး မိုးနှောင်းစပျစ်မှာ  အနည်းငယ် ကောင်းမွန်လေ့ရှိကာ ဆောင်းရာသီစပျစ်မှာ ပိုမိုကောင်းမွန်လေ့ ရှိကြောင်း သိရသည်။

“ဆောင်းရာသီမှာ စိုက်ပျိုးတဲ့ စပျစ်ကတော့ အရည်အသွေး အကောင်းဆုံးဖြစ်ပါတယ်။ သူက ဖေဖော်ဝါရီလကနေ ဧပြီလအထိ ထွက်ရှိလေ့ရှိပါတယ်။ ဆောင်းရာသီမှာ အသီးတင်ပြီး နွေရာသီမှာ ဆွတ်ခူးကြတာပါ”ဟု    မန္တလေးတိုင်းဒေသကြီးမှ စပျစ်စိုက်ပျိုးသူ   ဦးလှိုင်ထွန်းကပြောသည်။

လက်ရှိတွင် စပျစ် ရှစ်ပိဿာဝင် တစ်ခြင်းလျှင် ငွေကျပ် ၆၀၀၀၀၊ ခြောက်ပိဿာဝင် တစ်ခြင်းလျှင်  ငွေကျပ်  ၄၅၀၀၀၊  လေးပိဿာဝင်တစ်ခြင်းလျှင် ငွေကျပ် ၃၀၀၀၀ စသည်ဖြင့် အမျိုးအစားအလိုက် ဈေးနှုန်း အသီးသီးရှိသည်။

ရမည်းသင်းမြို့နယ်၌   ပုံမှန်အားဖြင့် တစ်ရက်လျှင် စပျစ်ပိဿာချိန်  ၁၀၀၀၀ မှ ၁၅၀၀၀ ဝန်းကျင်အတွင်း ထွက်ရှိလေ့ရှိပြီး    အထွက်နှုန်းနည်းပါးချိန်တွင်  တစ်ရက်လျှင် ပိဿာချိန် ၁၅၀၀  မှ ၂၀၀၀ ဝန်းကျင်ထွက်ရှိလေ့ရှိကာ  နေပြည်တော်၊ ရန်ကုန်နှင့်  မန္တလေးအပါအဝင် တခြား သောမြို့ကြီးများသို့လည်း    တင်ပို့လေ့ရှိ ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ်အတွင်း စပျစ်စိုက်ပျိုးသည့် ကျေးရွာပေါင်း ၃၀ ကျော်မှ စိုက်ပျိုးသူဦးရေ ၄၀၀၀ ဝန်းကျင်အထိရှိကာ   ဧက   ၁၀၀၀၀ ကျော် စိုက်ပျိုးလျက်ရှိပြီး နယ်စုံသို့ တင်ပို့ရောင်းချလျက်ရှိသည်။

မြန်မာနိုင်ငံ၌ စပျစ်ကို ကျောက်ပန်းတောင်း၊  မိတ္ထီလာ၊  မန္တလေး၊  စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့်မြို့နယ်များတွင် အများအပြား စိုက်ပျိုးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ စပျစ်စိုက်ပျိုးရာတွင် ရေကိုလိုအပ်သလို သွင်းပေးနိုင်ပါက အရည်အသွေး ကောင်းမွန်ကြောင်း   သိရသည်။