စိန်ရတုမှသည် နှစ်ပေါင်းများစွာချစ်ကြည်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်)

စိန်ရတုမှသည် နှစ်ပေါင်းများစွာချစ်ကြည်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၀၂၁ ခုနှစ် ဇွန် ၂၀ ရက်မှ ဇွန် ၂၇ ရက် အထိသွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံသို့ ပါဝင်တက်ရောက်ဆွေးနွေးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်း နိုင်ငံရှိအထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံအလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး   နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။ ဤသည်မှာ၂၀၂၁ ခုနှစ်အတွင်းက ဆောင်ရွက်ချက်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၄ ရက်မှ ၁၁ ရက် အထိ  ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်တွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေးတက်ရောက်ခြင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင်တွေ့ဆုံခဲ့ရာ၌ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတက “လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့်မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်မြောက်မည်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်  ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်တိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများတွင် အလားအလာကောင်းများစွာကို တွေ့မြင်နေရကြောင်း၊ ယခုကဲ့သို့ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ လာရောက် တက်ရောက်သည့်အတွက်လည်း များစွာကျေးဇူးတင်ရှိကြောင်း” ပြောကြားခဲ့သည်။

ယခုအခါ   ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည့် (၇၅)နှစ်မြောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်သွယ် ထူထောင်မှု အထိမ်းအမှတ်အဖြစ်  မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယခုကျင်းပပြုလုပ်သည့်ဖိုရမ်ကြီးကို မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် ကဏ္ဍပေါင်းစုံ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ သံတမန်ဆက်သွယ်ထူထောင်မှုသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် (၇၅)နှစ်ပြည့်မြောက်တော့မည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသမိုင်းကိုပြန်ကြည့်ပါက ခေတ် အဆက်ဆက်တွင် ရင်းနှီးချစ်ခင်မှုခိုင်မြဲခဲ့သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ယခင်ကထက်  ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရုံသာမက နှစ်နိုင်ငံတပ်မတော်အကြား၌လည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ကြရမည်ဖြစ်ပါ ကြောင်း၊  ကုန်သွယ်မှုကိစ္စရပ်များ၊ သိပ္ပံနည်းပညာဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များသာမက အခြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုမြှင့်တင်နိုင်ခဲ့ပါကြောင်း။

အထူးသဖြင့် ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် အမြဲတမ်းမိတ်ဆွေနိုင်ငံ၊ အမြဲတမ်းမဟာမိတ်နိုင်ငံများအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ရုရှား-မြန်မာချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရနှင့်   တပ်မတော် အရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်ရေး၊ ကုန်သွယ်မှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊  ခရီးသွားလုပ်ငန်း တိုးမြှင့်ရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အရပ်ဘက် စစ်ဘက်ပညာတော်သင်များ ထပ်မံစေလွှတ် ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အပြန်အလှန်စေလွှတ်သွားရေး၊   လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာနှင့်ဒေသတွင်းဆက်ဆံရေး အခြေအနေများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရေးဟူသည့်  လုပ်ငန်းများတွင်  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

အနှစ်ချုပ်ဆိုရသော် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင်ပြည့်မြောက်သည့် (၇၅)နှစ်မြောက် စိန်ရတုချစ်ကြည်ရင်းနှီးမှုသည်   နှစ်ပေါင်းများစွာ တည်တံ့ရှည်ကြာပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပေသည်။    ။