မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ  - ၁၈

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာရှိ ပေါ်တော်မူဆုတောင်းပြည့်ဘုရားကြီးကျောင်းဓမ္မာရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၉၉၅ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၅ ဦး၊ ခွဲစိတ်ရောဂါ ၇၆ ဦး၊ ကလေးရောဂါ ၃၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၂၂၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၈ ဦး၊ မျက်စိရောဂါ ၂၂၄ ဦး၊ သွားရောဂါ ၂၂ ဦးနှင့် အထွေထွေရောဂါ ၆၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိကုသမှုလူနာ ၁၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၈၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၅ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၇၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၄ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

၎င်းအပြင် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများအား စားရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် အလှူရှင်များက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။