လက်စတာအသင်းနှင့်ပွဲစဉ်တွင် ဂိုးမပေးရပါက ပီတာရှမိုက်ကယ်၏စံချိန်ကို မန်ယူအသင်းဂိုးသမားဒီဂီယာ လိုက်မီနိုင်မည်

လက်စတာအသင်းနှင့်ပွဲစဉ်တွင် ဂိုးမပေးရပါက ပီတာရှမိုက်ကယ်၏စံချိန်ကို မန်ယူအသင်းဂိုးသမားဒီဂီယာ လိုက်မီနိုင်မည်

မန်ယူအသင်းဂိုးသမား  ဒီဂီယာသည် လက်စတာ အသင်းနှင့် မန်ယူအသင်းတို့ကစားမည့် ပရီးမီးယား လိဂ်ပွဲစဉ်တွင်  ဂိုးမပေးရအောင် စွမ်းဆောင်နိုင်မည် ဆိုပါက မန်ယူအသင်းသမိုင်းတစ်လျှောက် ဂိုးမပေးရ သည့်ပွဲ (Clean Sheet) အများဆုံးဂိုးသမားအဖြစ်   ရပ်တည်လျက်ရှိသည့်   ဂန္ထဝင်ဂိုးသမားကြီး    ပီတာရှမိုက်ကယ်၏ စံချိန်ကို    လိုက်မီနိုင်မည်ဖြစ်ကြောင်း သိရသည်။

အသက်  ၅၉ နှစ်အရွယ် ဂိုးသမားကြီး  ပီတာရှမိုက်ကယ်သည် ကစားသမားဘဝက မန်ယူအသင်း တွင် ၁၉၉၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ  ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ အောင်မြင်မှုများစွာရယူနိုင် ခဲ့ကာ ဂန္ထဝင်ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထား ရပြီး အသင်းနှင့် ပြိုင်ပွဲစုံ  ပွဲပေါင်း ၂၉၂  ပွဲ ကစားကာ ပွဲပေါင်း  ၁၈၀  ကို   ဂိုးမပေးရအောင် စွမ်းဆောင် နိုင်ခဲ့သူဖြစ်သည်။

အသက်    ၃၂  နှစ်အရွယ်   ဒီဂီယာသည်လည်း  ၂၀၁၁ ခုနှစ်က အက်သလက်တီကိုအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး မန်ယူအသင်းတွင် ဂိုးသမားဗန်ဒါဆားထွက်ခွာပြီးနောက် အသင်းတွင် အဓိကဂိုးသမားအဖြစ်   ပါဝင်ခွင့်ရရှိနေသူဖြစ်ပြီး လက်ရှိတွင် ဂိုးမပေးရသည့်ပွဲ (Clean Sheet) ၁၇၉  ပွဲ ရရှိအောင်စွမ်းဆောင်ထားကာ ပီတာရှမိုက်ကယ် ၏စံချိန်ကိုလိုက်မီရန် တစ်ပွဲသာလိုမည်ဖြစ်သည်။

မန်ယူအသင်းသမိုင်းတစ်လျှောက်     ဂိုးမပေးရသည့်ပွဲ (Clean Sheet) အများဆုံးဂိုးသမားငါးဦး စာရင်းတွင်   ပီတာရှမိုက်ကယ်နှင့်  ဒီဂီယာတို့၏နောက်၌  အဲလက်စတက်နေးက ၁၇၅ ပွဲ၊  ဂယ်ရီ ဘိုင်လီက ၁၆၁ ပွဲနှင့် ဗန်ဒါဆားက  ၁၃၅ ပွဲဖြင့် ရပ်တည်လျက်ရှိသည်။

ဂိုးသမားဒီဂီယာသည်   ယခုဘောလုံးရာသီတွင်လည်း  အကောင်းဆုံး လက်စွမ်းပြလျက်ရှိပြီး  ပရီး မီးယားလိဂ်ပွဲစဉ်  ၂၃  ပွဲကစားခဲ့ကာ  ဂိုးမပေးရသည့်ပွဲ(Clean Sheet) ကိုးပွဲအထိ ရရှိအောင် စွမ်းဆောင်ထားပြီး   ပယ်နယ်တီကာကွယ်မှုတစ်ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။

Ref;OPTA.Com